ကျွန်မတို့ လူသားတွေ အားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဥာဏ်ရှိတဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေးသောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စပြီး ကိုယ့်တာဝန်နဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်လူမှုဘ၀မှာ အတူနေတဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက် လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ် ပြောဆိုတာလေးတွေ ရှိတတ်တယ်။
လူကြီးသူမတွေကတော့ အိမ်က ပြဿနာ အလုပ်ထဲ မသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ်မသယ်လာနဲ့ လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူး ဆိုပြီး လူကြီးတွေရဲ့ စိတ်အခြေအနေကို အချင်းချင်း သတိပေး ပြောတတ်ကြတယ်။ မိသားစုတွင်းမှာလဲ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေမှာ ပြဿနာတွေ ခဏခဏ တက်တတ်ကြတယ်။ အိမ်ထောင်ဘက် တွေအချင်းချင်း ရန်တွေ ဖြစ်ကြတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကြည့်မရဖြစ်တယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေကနေ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်တာတွေလဲ ရှိတယ်။ အစည်းအဝေးတွေမှာ ကောင်းမိကောင်းရက် ဆွေးနွေးနေရင်းက ထငြင်းကုန်တာရှိတာ။ စိတ်မထိန်းနိုင်ပဲ ခွန်းကြီးခွန်းငယ် တွေဖြစ်ကြ၊ ထချကုန်တာတွေလဲ ရှိတယ်။
ကိုယ့်စိတ်က အားငယ်နေတဲ့အချိန်၊ ရှုံးနိမ့်နေတယ်လို့ ထင်ချိန်မှာ ပြောရိုးပြောစဉ်အတိုင်း လူတဘက်သားက ပြောတာကိုလဲ ဆရာလုပ်တယ် ထင်တတ်တယ်။ ကိုယ့်စိတ်က ဘ၀မြင့်နေတဲ့ အချိန်မှာ တဘက်လူက ကြည့်ရိုးကြည့်စဉ် ကြည့်တာကိုလဲ ကိုယ့်ကို စော်ကားနေတယ်လို့ ထင်တတ်တယ်။ လူတယောက်ကို အနုတ်လက္ခဏာကနေ ကြည့်မိပြီးရင် အပေါင်းလက္ခဏာဖြစ်လာဖို့ကလဲ တော်တော်ခဲယဉ်းပြန်ရော။ အပေါင်းလက္ခဏာနဲ့ ကြည့်မိရင်လဲ ဘာလုပ်လုပ်ကောင်းနေပြန်ရော။ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ ပြုမူဆောင်ရွက်ပုံတွေက လေ့လာလေ၊ နက်နဲလေ။ မိမိကိုယ်ကို လေ့လာကြည့်ကြရင်တောင် အတော်နက်နဲတဲ့ ကိစ္စ။ တခါတလေ ဒေါသထွက်သွားမိတဲ့ ကိစ္စတခုကို သွေးအေးချိန်မှာ ဘာကြောင့် ထွက်သွားရတာလဲ ပြန်စဉ်းစားကြည့်တော့ သွေးဆူချိန်မှာလောက် ဒေါသဖြစ်စရာ မကောင်းတော့တာတွေ လူတိုင်း ကြုံဖူးမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်မတို့လူသားတွေဟာ တဦးတယောက်တည်းပဲ အပူအပင်ကင်းနိုင်သမျှ ကင်းကင်း နေတော့မယ်လို့ ယတိပြတ် မဆုံးဖြတ်နိုင်သေးစဉ်ကာလတခုအထိမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ နေထိုင်နေကြရဦးမှာပဲ ဖြစ်ပါတယ်။
ကျွန်မဟာ ပင်ကိုယ်သဘာဝအရ စိတ်အတော်ဆတ်တဲ့ လူပါ။ နီးစပ်တဲ့ လူအများက စိတ်ရှည်တယ်၊ သည်းခံတတ်တယ် ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မသည်းမခံနိုင်တဲ့ ကိစ္စလေးတွေ တချို့ကလဲ ရှိတတ်တယ်။ တချို့ကိစ္စတွေကျတော့ သည်းခံလိုက်ရင်၊ ငြိမ်နေရင် ပြီးပေမယ့် တချို့ကိစ္စတွေကျတော့လဲ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလိုက်မှ ပြီးနိုင်တာတွေကလဲ ရှိတတ်ပါတယ်။ ပြဿနာအမျိုးအစားပေါ် မူတည်မယ်ထင်ပါတယ်။ စိတ်ခံစားမှုနဲ့ တုန့်ပြန်မိတာတွေလဲ ရှိတတ်ပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အသက်အရွယ်၊ အခြေအနေတခု ရောက်လာချိန်ကျတော့ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာ အရေးကြီးတဲ့ Emotional Bank Accountကို ဖွင့်ဖို့ ကြိုးစားလာရပါတော့တယ်။ ဒီစကားလုံးလေးကို ကျွန်မ စတွေ့တာက Stephen Covey ရေးတဲ့ The 7 Habits of Highly Effective People: Powerful lessons in Personal Change ဆိုတဲ့ စာအုပ်ထဲမှာပါ။ စာရေးဆရာကတော့ လူသားတွေဟာ ငွေကြေးဓန ဘဏ်စာရင်းတွေ ဖွင့်ထားကြသလို Emotional Bank Accountကိုလဲ ဖွင့်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီဘဏ်စာရင်းမှာ ထည့်သွင်းသင့်တဲ့ စာရင်းခြောက်ချက်ကိုလဲ သူက ဆိုထားပါသေးတယ်။
(၁) တဘက်သားကို နားလည်မှု
စာရေးဆရာက တဘက်သားကို နားလည်မှုရှိဖို့ ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောရရင်တော့ နားလည်တယ်ဆိုတဲ့ စကားလုံးလေးက အပြောလွယ်သလောက် အလုပ်အလွန်ခက်တဲ့ ကိစ္စပါ။ မိဘနဲ့ သားသမီးအကြား၊ ဆွေမျိုးသားချင်းအကြား၊ ငယ်ပေါင်းသူငယ်ချင်းတွေအကြားမှာတောင် နားလည်မှု လွဲမှားရာက ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတတ်တယ်ဆိုရင် သူစိမ်းသူမနဲ့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ နားလည်မှုဆိုတာက ချက်ချင်းရနိုင်တာတော့ မဟုတ်ပါ။ အပြန်အလှန် နားလည်မှုရလာအောင် ကြိုးပမ်းယူရပါတယ်။ နားလည်မှုမရခင် ဆက်ဆံရေး ပြိုလဲသွားတာလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး နားလည်လာအောင် ကြိုးစားချင်စိတ်လေးရှိဖို့ကတော့ လိုအပ်လှပါတယ်။ တဘက်သားက ကိုယ့်စိတ်ကို အနှောင့် အယှက်ဖြစ်စေတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ရှိလာရင် အခြေအနေ၊ အချိန်အခါ၊ သူပြုမူရတဲ့ အကြောင်းရင်း စတာတွေကို လေ့လာကြည့်ပြီးမှ တုန့်ပြန်သင့်တာကို တုန့်ပြန်တာမျိုးကို ဆိုလိုတာပါ။ သူ့နေရာကနေ တချက် ပြန်ဝင်စဉ်းစားကြည့်လိုက်တာမျိုးပါ။ မလွယ်ပါ။ အလွန်ခက်လှပါတယ်။ အခြေအနေ၊ အချိန်အခါတိုင်းမှာ ကျင့်သုံးလို့ မဖြစ်နိုင်ပေမယ့် ကျင့်သုံးလို့ ရနိုင်တဲ့ အခြေအနေမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ မိတ်ဆွေဖြစ်လာမယ့်သူတွေ၊ မိတ်ဆွေဖြစ်ပြီးသူတွေကို ဆုံးရှုံးမှုနည်းမှာ အမှန်ပါပဲ။
(၂) အသေးအမွှားလေးတွေကို ဂရုစိုက်တတ်မှု
ဒီအချက်ကို ဖတ်ရတော့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ ယှဉ်ပြီး တွေးမိတယ်။ ကျွန်မတို့တတွေဟာ အလုပ်အလွန်များတဲ့ အချိန်တွေမှာ ဒီကိစ္စတွေကို မေ့လျော့နေ တတ်ကြပါတယ်။ ဒီအချက်က အာရုံထားတာနဲ့လဲ ပတ်သက်မယ်လို့ ကျွန်မတော့ ယူဆမိပါတယ်။ ကလေးတွေနဲ့ အသက်အရွယ်ကြီးသူတွေက လူလတ်ပိုင်းတွေထက် တခြားသူတွေကို ပိုဂရုစိုက် တတ်ကြပါတယ်။ လူလတ်ပိုင်းတွေကျတော့ ကြင်နာမှု၊ နွေးထွေးမှု မရှိတာလား ဆိုတော့ မဟုတ်ပါ။ တခြား အာရုံထားစရာတွေ များလို့ တယောက်နဲ့ တယောက် ဂရုမစိုက်မိကြတာပါ။ အနီးကပ်ဆုံး အိမ်ထောင်ဘက်တွေမှာတောင် တတိယအရွယ်ရောက်မှ တဦးနဲ့တဦး ပိုပြီး ဖေးဖေးမမ၊ နွေးနွေးထွေးထွေး တွေ ရှိလာကြတယ်လို့ ကျွန်မမိတ်ဆွေ အဖိုးကြီး၊ အဖွားကြီးများက ပြောကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေမှာလဲ မိသားစုအတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းတွေ အတွင်းမှာ၊ လုပ်ဖော်ကိုင်ဖက်တွေအတွင်းမှာ၊ ရဲဘော်ရဲဘက်တွေ အကြားမှာ၊ ဆရာတပည့်တွေအကြားမှာ အသေးအမွှားကိစ္စလေးတွေကို ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံမှုလေးတွေ ရှိလာရင် ဆက်ဆံရေးက တော်တော်ပြေလည်နိုင်ပါတယ်။ သေးကွေးတဲ့ ကြင်နာမှုလေးတခုကနေ ဘ၀တသက်တာ မိတ်ဆွေတွေ ဖြစ်သွားတတ်တာတွေ ရှိသလို၊ သူငယ်ချင်းအရင်းတွေ ကြားမှာ ထားရှိရမယ့် အပြန်အလှန်လေးစားမှုကို ဖောက်ဖျက်တာလေးတခုကနေ တသက်လုံး မခေါ်နိုင်မပြောနိုင် ဖြစ်သွားတတ်တာလေးတွေလဲ ရှိတတ်လို့ပါ။ ဘ၀အတွေ့အကြုံလေးတွေမှာ ဘတ်စ်ကားပေါ်အတက် အိတ်လေးမတင်ပေးမိတာကနေ စားအိမ်သောက်အိမ် မိတ်ဆွေဖြစ်ခဲ့ဖူးတာ ရှိသလို၊ အမှတ်တမဲ့နဲ့ သူ့ရှေ့မှာ တခြား သူငယ်ချင်းတယောက်ကို ပိုဦးစားပေးမိသလို ဖြစ်သွားတာကို ခံစားသွားပြီး သူငယ်ချင်းအဖြစ်က ရပ်စဲခံခဲ့ရဖူးတာလဲ ရှိပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်လေးဟာ တစုံတရာတော့ လူ့ဘ၀အတွက် အကျုံးဝင်မှာ အသေအချာပါပဲ။ အသေးအမွှားလေးတွေကို ဂရုစိုက်ပါ။ လူတွေကို ကြင်နာပါ။ နွေးနွေးထွေးထွေး ဆက်ဆံပါ။
(၃) လူတဘက်သားအပေါ်မှာ လေးလေးနက်နက်ထားရှိမှု
စာရေးသူကတော့ ကတိပေးထားတဲ့ လုပ်ငန်းဆောင်တာလေးတွေကို မဖြစ်မနေ လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ အနည်းဆုံး မလုပ်ဆောင်ပေးနိုင်ရင်တော့ ပျက်ကွက်မှုအတွက် လေးလေးနက်နက် တောင်းပန်သင့်တယ်၊ အစားထိုးအစီအစဉ် လုပ်ပေးသင့်တယ်လို့ ကျွန်မကတော့ ထပ်ဆင့် ထည့်သွင်းချင်ပါတယ်။ အလုပ်သိပ်များတဲ့အခါမှာ အရေးကြီးမှု၊ ဦးစားပေးမှုပေါ် မူတည်ပြီး ပျက်ကွက်တာလေးတွေလဲ ရှိတတ်ပါတယ်။ ကျွန်မသားပေါက်စလေးကို ကြားရက် ညဦးပိုင်းတွေမှာ ကျွန်မစာဖတ်တာကို မနှောင့်ယှက်ပဲ သူ့ဘာသာ ကစားမယ်ဆိုရင် တနင်္ဂနွေနေ့မှာ ပင်လယ်ကမ်းခြေက ကစားကွင်းကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီတနင်္ဂနွေနေ့တုန်းက သူ့ကို အ၀တ်တွေ အကုန်လဲပေးပြီးမှ တခြားပိုအရေးကြီးတဲ့၊ ဦးစားပေးသင့်တဲ့ ကိစ္စတခုပေါ်လာပါတယ်။ အွန်လိုင်းပေါ် ရောက်နေရတာကြောင့် သူ့ကို တီဗွီကာတွန်းလေးပဲ ဖွင့်ပေးလိုက်ရပါတယ်။ နောက်တပတ် တနင်္ဂနွေနေ့မှာ အပြင်သွားရအောင်ဆိုပြီး အ၀တ်လဲပေးဖို့ ခေါ်ပါတယ်။ သူကျွန်မဆီ ချက်ချင်းမလာဘူး။ ကျွန်မကိုကြည့်တဲ့ သူ့မျက်လုံးလေးထဲမှာ အရိပ်တချို့ကို ကျွန်မခံစားလို့ ရနေသလိုပဲ။ ဒါနဲ့ ကျွန်မကိုယ်တိုင် အ၀တ်အရင်လဲရပါတယ်။ ဖိနပ်စီးပြီး၊ အားလုံးပြင်ဆင်ပြီးမှ သူ့ကိုခေါ်တော့ အပေါ်အကျီင်္လေးကို သူ့ဘာသာသူ ချွတ်ပြီး ကျွန်မဆီ ပြေးလာတော့တာပါပဲ။ သုံးနှစ်နီးပါး ကလေးငယ်လေးမှာတောင် ယုံကြည်မှုနဲ့ တဘက်သားအပေါ် အလေးအနက်ထားမှု ရှိမရှိအပေါ် ခံစားတတ်ပါလားဆိုတာ မျက်မြင်တွေ့လိုက်ရပါတယ်။ ဒါကြောင့် တဘက်သားအပေါ် အလေးအနက် ထားပါ။ ကတိပေးပြီးရင် ကြိုးစားလုပ်ပေးပါ။ အခြေအနေကြောင့် ပျက်ကွက်ခဲ့ရရင် ရှင်းပြတောင်းပန်ပါ။ တဘက်သားကို တခြားအစားထိုး အစီအစဉ်လေးတွေ လုပ်ပေးပါလို့ ဆိုချင်ပါတယ်။
(၄) မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ပြောပါ
စာရေးသူကတဦးနဲ့ တဦး မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးဖို့ ဆိုထားပါတယ်။ အနည်းငယ်ခက်တာ အမှန်ပေမယ့် ခုရှုတ်မှ နောင်ရှင်း ဆိုသလိုပဲ ကျွန်မဘ၀ကိုယ်တွေ့အရဆိုရင်တော့ ကနဦးအစကတည်းက အားလုံးရှင်းထားတာ ကောင်းပါတယ်။ အလုပ်ခွင်ဆက်ဆံရေးမှာ၊ မိဘနဲ့သားသမီး ဆက်ဆံရေးမှာ၊ အိမ်ထောင်ရေးတွေမှာ ပြဿနာ အဖြစ်ဆုံး အချက်က ဒီအချက်ဖြစ်ပါတယ်။ မျှော်မှန်းချက်လို့ ဆိုလိုက်ရင် လူတွေက ငွေတွေ၊ စိန်တွေ သွားမြင်ကြပါတယ်။ အဲဒါတွေကို ဆိုလိုတာမဟုတ်ပါ။ လူတဦးနဲ့ တဦး မိတ်ဆွေဖြစ်တယ်ဆိုရင် တဦးနဲ့ တဦး မိတ်ဆွေဖြစ်ချင်တဲ့ မျှော်မှန်းချက် ရှိလို့ မိတ်ဆွေဖြစ်တာပါ။ အဲဒီမှာမှ ကိုယ်က ဘယ်လိုမိတ်ဆွေမျိုးလိုချင်တာလဲ။ ဈေးအတူသွားဖို့ မိတ်ဆွေလား၊ ဖုန်းဆက်စကားပြောဖို့ မိတ်ဆွေလား၊ တဦးနဲ့တဦး တိုင်တိုင်ပင်ပင်လုပ်ဖို့ မိတ်ဆွေလား၊ ပွင့်ပွင့်လင်းလင်း အစောကြီးကတည်းက ရှင်းလင်းပြောပြထားတာ ကောင်းပါတယ်။ မတူတာတွေညှိပြီး၊ လုံးဝမတူရင်လဲ ကနဦးကတည်းက အသိအကျွမ်းလောက် အဆင့်မှာပဲ ထားလို့ရပါတယ်။ ခင်မင်ရင်းနှီးနီးစပ်မှု အတိုင်းအတာတခုရှိလာပြီးမှ ကိုယ်က ဖုန်းဆက်တာကို သူက မကိုင်လို့၊ ဈေးဝယ်ထွက်ဖို့ပြောတာကို သူက မအားဘူးပြောလို့၊ သူက အွန်လိုင်းမှာ ချက်တင် လုပ်ချင်တာကို ကိုယ်က မလုပ်နိုင်လို့တွေနဲ့ တယောက်နဲ့တယောက် စိတ်တွေခုပြီး မခေါ်နိုင်၊ မပြောနိုင်တွေဖြစ်ပြန်တာနဲ့ စာရင် စောစောကတည်းက သိရုံ၊ ကျွမ်းရုံလောက်ပဲ ရှိနေတာက ပိုကောင်းပါတယ်။
လုပ်ဖော်ကိုင်ဖက်တွေလဲ ဒီအတိုင်းပါပဲ။ အလုပ်စမလုပ်ခင်ကတည်းက အလုပ်တာဝန် ခွဲဝေမှု လုပ်ထားသင့်ပါတယ်။ ကျွမ်းကျင်မှု အခြေအနေ၊ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီး တိတိကျကျ အလုပ်အကိုင်ရှိထားသင့်ပါတယ်။ အဲလိုမဟုတ်ပဲ နောက်မှ သူက ဒါမလုပ်လို့၊ ငါကချည်းပဲ လုပ်နေရလို့၊ မင်းကဘာလုပ်လဲ၊ ငါက ဘာလုပ်လဲနဲ့ ဖြစ်လာကြရင် လူကြားလို့လဲ မကောင်း။ တယောက်နဲ့တယောက် ယုံကြည်မှုတွေလဲပျက်နဲ့ ဖြစ်တတ်ပါတယ်။ အစုအဖွဲ့စိတ်လေးတွေလဲ ပျောက်ကုန်တတ်ပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြ၊ ပြန်ကွဲကြတွေ ဖြစ်နေတာ ဒီကိစ္စကြောင့် များပါတယ်။ မျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း အပြန်အလှန် ကြိုတင်အသိပေးပြီးမှ အလုပ်တခုကို လုပ်တာကောင်းပါတယ်။
အိမ်ထောင်ရေးမှာလဲ ဒီအတိုင်းပါပဲ။ ဒီအချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်မက အိမ်ထောင်ကွဲတယောက်ဆိုတော့ အိမ်ထောင်ကွဲတယောက်က အိမ်ထောင်ရေးအကြောင်း ပြောတာ မဆီမလျော်ဖူးလို့ တချို့က ထင်ချင်ထင်ပါမယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲရခြင်းဟာ မျှော်မှန်းချက်ရှင်းလင်းမှု မရှိတာကြောင့်ဆိုတဲ့ အချက်ကို ပြောကြားလိုတာ ဖြစ်ပါတယ်။ ကျွန်မဘက်မှာက ကျွန်မအိမ်ထောင်ဘက်ဟောင်းနဲ့ ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ ရှိခဲ့တာ မဟုတ်ပါ။ ပျောက်ဆုံးသွားခဲ့တဲ့ ချစ်သူတယောက်နဲ့ မွေးနေ့တူ၊ မွေးဖွားနှစ်တူသူ တယောက်ကို တွေ့ရတာမို့ စိတ်ဝင်စားမိရုံလေး သက်သက်ပါ။ ပြေလည်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ပြီးမှ အဆင်သိပ်ပြေသွားရင်တောင် စေ့စပ်တာလောက်ပဲ လုပ်ပြီး၊ ကျွန်မမှန်းထားတဲ့ ပညာအဆင့်အတန်းနဲ့ အလုပ်အကိုင်အဆင့်အတန်း တခုရောက်မှ အိမ်ထောင်ပြုဖို့ ရည်ရွယ်သူပါ။ ဒီတော့ ကျွန်မမှာ သူနဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး မျှော်မှန်းချက် လုံးဝမရှိခဲ့ပါ။ သူ့ကို အိမ်ထောင်ဘက်အဖြစ် လက်ခံဖို့ဆိုတာ စိတ်ကူးထဲမှာ ရှိတောင် မရှိသေးပါ။ သူ့ဘက်က အိမ်ထောင်မပြုခင် မျှော်မှန်းချက်ကိုတော့ လက်ထပ်ပြီးနောက်ပိုင်း၊ လမ်းခွဲမယ်ဆိုတဲ့ အချိန်မှာမှ သိလိုက်ရပါတယ်။
ဒီတုန်းက သူက ဒီလိုဆိုပါတယ်။ “မိန်းမပဲကွာ။ အတင်းအဓမ္မပြုကျင့်လိုပဲဖြစ်ဖြစ်၊ တခြားဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီယောက်ျားနဲ့ ကလေးရသွားရင် ယူကို ယူရမှာပဲ။ ယောက်ျားယူပြီးရင်လဲ အဲဒီ ယောက်ျားက ဘယ်လိုလူပဲဖြစ်နေနေ၊ နောက်ဆုံး ဇိမ်ခေါင်းပဲ ဖြစ်နေနေ ဆက်ပေါင်းရမှာပဲ။ ကွာမယ်ဆိုရအောင် မင်းက ဘယ်လိုမိန်းမမျိုးမို့လဲ။ ငါလိုချင်တာက ငါက လှမ်းကြည့်လိုက်တာနဲ့ ပါးစပ်ပိတ်နေမယ့် မိန်းမမျိုး“ လို့ ဆိုပါတယ်။ ရီရခက်၊ ငိုရခက်လို့ပဲ ဆိုရမယ် ထင်ပါရဲ့။ အဲဒီစကားကို ကျွန်မနားထဲ စွဲနေမိတယ်။ ပြန်တွေးကြည့်မိတိုင်းလဲ ပြုံးမိတာ အခါခါ။ ဖူးစာများ ကြံကြံဖန်ဖန် ဆုံမှ ဆုံတတ်ပါရဲ့။
ဒါကြောင့်လဲ ကလေးနောင်ရေးဆိုပြီး ကြားဝင်စေ့စပ်မယ်ဆိုသူတိုင်းကို ကျွန်မက အသည်းအသန် တားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မဆီမှာကလဲ သူ့လို ယောက်ျားမျိုးကို အိမ်ထောင်ဘက်အနေနဲ့ မျှော်မှန်းချက်နေနေသာသာ၊ မိတ်ဆွေအနေနဲ့ မျှော်မှန်းချက်တောင် ရှိတာ မဟုတ်လို့ပါပဲ။ ဒီလိုပဲ သူ့ရဲ့ အတွေးအခေါ်၊ မျှော်မှန်းချက် အနေနဲ့ဆိုရင်လဲ အိမ်ထောင်ဘက်ယောက်ျားဆိုတာကို အပြန်အလှန်လေးစားမှု၊ တဦးနဲ့ တဦး တန်ဖိုးထားမှု၊ တန်းတူညီမျှမှုရှိတဲ့ ဘ၀လက်တွဲဖော်တယောက်လို့ပဲ မြင်ပြီး၊ ကျေးကျွန်တယောက်လို မနေနိုင်တဲ့ မိန်းမတယောက်ကို အိမ်ထောင်ဘက်အနေနဲ့ ဆက်ရှိနေရမှာ အတော်ခက်ခဲမှာ ဖြစ်လို့ပါပဲ။ သူ့အတွက် သူမျှော်မှန်းတဲ့ အိမ်ထောင်ဘက် ကိုယ်ရည်ကိုယ်သွေးရှိမယ့် အမျိုးသမီးတယောက်နဲ့ ဘ၀သစ်တည်ဆောက်တာက ရေရှည်မှာ ပိုကောင်းမွန်မယ်ဆိုတာကို ကျွန်မသိနေပြီး ဖြစ်လို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကောက်ခါငင်ခါ၊ ထင်ရာစိုင်းလိုက်တဲ့ သူ့ရဲ့ အပြုအမူတခုကြောင့် ကျွန်မဘက်မှာလဲ အများကြီး နစ်နာသွားခဲ့သလို၊ သူ့ဘက်မှာလဲ တာဝန်မကျေတဲ့ ဖခင်တယောက် ဖြစ်သွားခဲ့တယ်။ ကလေးငယ်တယောက် ဓားစာခံ ဖြစ်သွားခဲ့တယ်။ ဒါတွေဟာ မျှော်မှန်းချက်တွေကို ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း မပြောထားခဲ့ကြလို့ပါပဲ။ ချစ်သူတွေ၊ အိမ်ထောင်ဘက် တွေဟာ ဒီအချက်တွေကို အထူးတလည် ဂရုပြုသင့်ပါတယ်။ မိဘပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ ဇနီးခင်ပွန်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် တဦးနဲ့ တဦး မျှော်မှန်းချက်တွေကို ရှင်းရှင်းအသိပေးပြီးမှ ရှေ့ဆက်သင့်ပါတယ်။
(၅) စိတ်ချယုံကြည်ရမှုကို ပြသခြင်း
ဒီအချက်က အတော်အရေးကြီးတဲ့ အချက်လို့ စာရေးသူက ဆိုထားပါတယ်။ ကျွန်မကိုယ်တွေ့အရလဲ ဒီအချက်က အရေးကြီးတယ်မြင်ပါတယ်။ ကျွန်မတို့ လူသားတွေအားလုံးဆီမှာ အဆိုးမြင်၊ အကောင်းမြင်စိတ်လေးတွေ ရှိကြပါတယ်။ လူတိုင်းမှာကလဲ အဆိုးလဲ ရှိပါတယ်။ အကောင်းလဲ ရှိပါတယ်။ တူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်၊ လုံးဝတွဲလို့မရရင်လဲ ရှောင်လုပ်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် လူအားလုံးမှာ အားနည်းချက်တခုကတော့ ကိုယ့်ရန်သူ၊ ကိုယ့်ပြိုင်ဘက်ရဲ့ ကောင်းတာလေးတွေကို မြင်တဲ့အခါ မသိချင်ယောင်ဆောင်ပြီး၊ ဆိုးတာမှ ရွေးပြောချင်တဲ့ အကျင့်ပဲ။ လူတိုင်းမှာ ရှိတဲ့ အားနည်းချက်ပါ။ နောက်အားနည်းချက်တခုကတော့ သူတပါးအောင်မြင်တာ၊ ကြီးပွားတာဆိုရင် စိတ်ထဲမှာ ၀င်တတ်ကြတဲ့ မနာလိုစိတ်လေးတွေပါ။ လူတွေက တယောက်နဲ့ တယောက်နဲ့ မသိသူတွေဆို အကြောင်းမဟုတ်ဘူး။ သိသူတွေမှာ တယောက်ယောက်က တနေရာရာမှာ ကိုယ်နဲ့ မတူပဲ အတိုင်းအတာတခုအထိ အောင်မြင်သွားရင် ပြဿနာဖြစ်လာတာတွေ ရှိပါတယ်။ မရှိတုန်းမှာ မျှတစားနေတာပဲ။ အဲဒီထဲမှာ တယောက်က နည်းနည်းမရှိလာလိုက်နဲ့။ သူက ဘယ်လိုပါ။ အလကားပါ စပြီး ဖြစ်တော့တာပဲ။ လူမှုဆက်ဆံရေးမှာ ဖြစ်သင့်တာတွေက ကိုယ့်မိတ်ဆွေအောင်မြင်သွားရင် သူနဲ့ကိုယ်နဲ့ မိတ်ဆွေအနေနဲ့ ဂုဏ်ယူပေးတာ၊ အောင်မြင်ချိန်နဲ့ ဆုံးရှုံးချိန်အားလုံးမှာ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေကောင်းအဖြစ် ရပ်တည်ပေးတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူ့စိတ်တွေက အတော်ခက်ပါတယ်။ အောင်မြင်ချိန်တွေကျရင် ရှောင်ခွာပြီး ငယ်ကျိုးငယ်နာဖော်၊ ပုတ်ခတ်မှုတွေ လုပ်တတ်တဲ့ အကျင့်တွေ ရှိတတ်ကြပါတယ်။ အောင်မြင်သူတွေဘက်ကလဲ ဘ၀မြင့်ပြီး ရှောင်ခွာခွာ လုပ်တာတွေလဲ ရှိပါတယ်။ လူ့ဘ၀ဆိုတာ နိမ့်တုန်မြင့်တုန် အမြဲရှိတတ်တယ်၊ ကြွေတလှည့်၊ ကြွက်တခုန်ဆိုတဲ့ သဘောလေးကို ကိုင်စွဲပြီး ရှုံးနိမ့်ချိန်တွေကို ပြင်ဆင်ထားဖို့လဲ လိုအပ်လှပါတယ်။ တခါတရံမှာ လူတွေကို အရင်က လုပ်ခဲ့တာတွေနဲ့ လက်ရှိအလုပ်တွေနဲ့ ချိန်ထိုးကြည့်ပေးဖို့ လိုအပ်လှပါတယ်။ အရင်က ဓားပြဗိုလ်၊ အခုလက်ရှိ လူအများကြည်ညိုလေးစားစရာကောင်းတဲ့ ဘုန်းတော်ကြီးလဲ ရှိတတ်တာပဲ။ အရင်က ကျောင်းဆရာ၊ အခု လက်မရွံအရက်သမားဖြစ်နေတာလဲ ရှိတတ်တာပါပဲ။ ဒါပေမယ့်လဲ အရင်က သူဌေးဖြစ်ပြီး၊ ခုကျမှ လမ်းဘေးရောက်နေတဲ့ အိမ်ခြေယာမဲ့ရဲ့ ဘ၀ဇာတ်ကြောင်းကိုသာ စိတ်မ၀င်စားရင်နေမယ်၊ နာမည်ကြီး လူတယောက်ရဲ့ ငယ်ငယ်တုန်းက ကျောင်းခန်းထဲ ဆေးလိပ်ခိုးသောက်ဖူးတာကို ပြောဆိုပြီး အထင်မကြီးပါဘူးကွာ လုပ်ချင်သူတွေက အများသားကလား။
နောက်အားနည်းချက်တခုက အတင်းတုပ်တတ်တဲ့ အကျင့်ပါပဲ။ “သန်းရှာအတင်းတုပ်၊ မိန်းမအလုပ်“ဆိုလို့ မိန်းမများကြီးပဲ မယူဆပါနဲ့။ ယောက်ျားများ အတင်းတုပ်ရင်လဲ မိန်းမများထက် ပိုဆိုးပြီး ပေါက်ကရလေးဆယ် အကုန်ပြောတတ်ပါတယ်။ လူဟာ လူပဲမို့ လူလိုပဲ ကျင့်ကြံကြပါတယ်။ ယောက်ျားရယ်၊ မိန်းမရယ် မဟုတ်ပါ။ နောက်ထပ်အကျင့်တခုကတော့ တခြားသူကို နှိမ့်ချပြီး မိမိကိုယ်ကို ကိုယ်ရည်သွေးတတ်တဲ့ အကျင့်ပါ။ ဒါကလဲ လူတိုင်းလိုလိုမှာ ရှိတတ်တဲ့ အတွင်းစိတ်လေးတွေပါ။ ညီအစ်ကို မောင်နှမထဲမှာတောင် ဖြစ်တတ်တာလေးတွေ ရှိပါတယ်။ မသိမသာလဲရှိသလို ထင်ထင်ရှားရှား လူသိရှင်ကြားလဲ ရှိပါတယ်။ သူဘာလဲ၊ ငါဘာလဲ ငြင်းခုန်မှုတွေ ဖြစ်တတ်တာက ဒီစိတ်အခြေခံ လေးတွေကြောင့်ပါ။ မသိမသာလေးတွေက နားလည်ပေးနိုင်ကြပေမယ့် ထင်ရှားလွန်း လာရင်ကျတော့ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေပါတော့တယ်။ တခြားလူတယောက်ကို နှိမ့်ချပြီး၊ လာပြောတာကို နားထောင်နေရသူတယောက်ရဲ့ စိတ်ထဲမှာ ငါနဲ့ ပတ်သက်ပြီးကော သူအဲလိုပဲ ပြောနေတာများလား ဆိုတဲ့ မယုံကြည်မှုတွေ တိုးပွားလာစေလို့ပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ခေါင်းဆောင်လုပ်နေသူတွေ ဒီအချက်ကို ဂရုစိုက်ဖို့ လိုပါတယ်။
(၆) အမှားလုပ်မိပါက ရိုးသားစွာနဲ့ တောင်းပန်ခြင်း
စာရေးသူကတော့ တောင်းပန်ပါဆိုတဲ့ အချက်ကို နောက်ဆုံးအချက်အနေနဲ့ ထည့်ထားပါတယ်။ ကျွန်မကိုယ်တွေ့အရဆိုရင်တော့ တောင်းပန်တယ်ဆိုတာကလဲ အလွန်ကို ခက်ခဲတတ်တာကလား။ ဘာလို့လဲဆိုတော့ “ငါ“ ဆိုတဲ့ မာနတွေက ခံနေကြလို့ပါ။ သူငယ်ချင်းအချင်းချင်းကျတော့လဲ တောင်းပန်ရအောင် “သူက ဘာမို့လဲ“၊ မိဘကျတော့လဲ “ငါမွေးထားတဲ့သားသမီးကို ငါက ပြန်တောင်းပန်စရာလား“၊ သားသမီးကျတော့လဲ “မိဘပဲဥစ္စာ။ နားလည်ပေးရမှာပေါ့“၊ ညီအစ်ကို မောင်နှမကျတော့လဲ “အရင်းကြီးတွေပဲ၊ ကြီးကြီးကျယ်ကျယ်တွေ မလိုပါဘူး“၊ အထက်လူကြီးကျတော့လဲ “ငါတောင်းပန်လိုက်ရင် အရိုအသေ တန်သွားမှာပေါ့”၊ လက်အောက်ငယ်သားကျတော့လဲ “အခြေအနေအရသာ တောင်းပန်ရတာ၊ စိတ်ထဲက တောင်းပန်ချင်တာ မဟုတ်ဘူး။ အလုပ်ပြုတ်မှာစိုးလို့။ ဒီလူကြီး ပင်စင်ယူပြီးမှ သိမယ်“ စတဲ့ မာန်မာနလေးတွေက ခံနေတတ်ကြပါတယ်။ ခက်တာက တောင်းပန်လိုက်ရင် တောင်းပန်သူဘက်ကလဲ အောက်ကျနောက်ကျ တောင်းပန်ရတယ်လို့ အထင်ရှိနေသလို၊ တောင်းပန်ခံရသူဘက်ကလဲ ဟုတ်လှပြီထင်ပြီး ဘ၀င်မြင့်သွားတတ်တဲ့ အကျင့်တွေပဲ။ တကယ်က မှားသွားတာ တခုဖြစ်တယ်၊ တောင်းပန်သူက တောင်းပန်လိုက်တယ်၊ ကျေအေးသူက ကျေအေးလိုက်တာ။ အဲဒီမှာတင် ဒီကိစ္စက ပြီးသွားပြီဖြစ်တယ်။ ရှေ့ဆက်ဆံရေးကို သယ်ဆောင်သွားဖို့ မလိုအပ်သလို၊ အမှတ်ထားပြီး အစဖော်ဖို့လဲ မလိုအပ်ဘူး။ တချိန်မှာ တယောက်က မှားပြီး၊ နောက်တချိန်ကျတော့ ပြောင်းပြန်ဖြစ်နေတတ်တာလဲ ရှိတတ်တယ်။ ဒါမျိုးတွေက မိဘနဲ့ သားသမီးမှာလဲ ရှိတတ်တယ်။ ပထမကိစ္စရပ်မှာ သားသမီးကမှားတယ်၊ မိဘက မှန်တယ်။ နောက်ကိစ္စတခုကျတော့ “သားဟိုတခါကလဲ ဖြစ်ပြီးပြီလေ။ သားတောင်းပန်လို့ ဖေဖေက ခွင့်လွှတ်ထားရတာ။ ခုတခေါက်လဲ ဖေဖေပဲမှန်တယ်။ ဖေဖေပြောသလို သားလုပ်ရမယ်“ လို့ ပြောတတ်တဲ့ မိဘတွေ မရှိဘူးမဟုတ်ဘူး။ ရှိကိုရှိတယ်။ အဲဒီမှာတင် သားနဲ့ အဖေကြားက ဆက်ဆံရေး တံတိုင်းတခုဖြစ်တော့တာပဲ။ မိဘနဲ့ သားသမီးမှာတောင် ဖြစ်တတ်သေးရင် တခြားလူတွေကတော့ ပိုဆိုးရောဆိုပါတော့။ ဒါကြောင့် အမှားလုပ်မိရင် ရိုးသားစွာနဲ့ တောင်းပန်ပါ။ သူတပါး တောင်းပန်မှုကိုလဲ အခွင့်အရေး မယူပါနဲ့လို့ ကျွန်မက ထပ်မံ ဖြည့်စွက်ချင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ကျွန်မဟာ စိတ်ပညာရပ်ဆိုင်ရာ ပညာရှင်တယောက်မဟုတ်ပါ။ လူသားတွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို လေ့လာတဲ့ ပညာရှင်တယောက်လဲ မဟုတ်ပါ။ ကျွန်မမှတ်သားထားမိဖူးတဲ့ အချက်ခြောက်ချက်ကို ကျွန်မရဲ့ ဘ၀ကိုယ်တွေ့ဖြစ်ရပ်တွေပေါ်မှာ အခြေခံပြီးမှ ဒီဆောင်းပါးကို ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ပါတဲ့ လူတွေရဲ့ အကျင့်တွေဆိုတာကလဲ လူုသားတိုင်းရဲ့ ယေဘူယျအကျင့်တွေကို ဆိုလိုတာဖြစ်ပါတယ်။ လူတိုင်းမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ အားနည်းချက်တွေ ရှိပါတယ်။ အတိမ်အနက်ပဲ ကွာကြပါတယ်။ ကျွန်မလဲ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဆန်းစစ်ပြီး၊ Emotional Bank Account မှာ ပမာဏများလာအောင် ကြိုးစားပြုပြင်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲကနေ စာဖတ်သူအတွက် တစုံတရာ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း----။
Emotional Bank Account
Tuesday, November 10, 2009
Short Essay: The End of the Cold War: The End of History and The End of political ideas?
Sunday, November 8, 2009
နိုင်ငံတကာ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု သမိုင်းကြောင်း
Friday, November 6, 2009
၂၁ ရာစုမှာ အမျိုးသမီးအခွင့်အလမ်းဆိုတဲ့ စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင် အသံတွေထွက်နေပါတယ်။ နိုင်ငံများစွာများလဲ ကျားမ တန်းတူညီမျှမှုအခွင့်အရေးအတွက် လှုပ်ရှားမှုတွေ ပျံ့နှံ့နေပါတယ်။ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုဆိုတာ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတွေကို စိန်ခေါ်မှုတရပ်အနေနဲ့ မြင်ကြပါတယ်။ ဒါပေမယ့် အစဉ်အလာဆိုတာ လူတွေက ပြုလုပ်ခဲ့တာပါ။ ဒီလိုပြုလုပ်ခဲ့တာမှာ အဲဒီခေတ်အခါရဲ့ လူမှုစီးပွားစနစ်အရ သင့်လျော်သလို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုခေတ်အခါမှာကျတော့ ကမ္ဘာ့လူမှုစီးပွားစနစ်တွေလဲ အသွင်သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲနေခဲ့ပြီဖြစ် ပါတယ်။ ဒါကြောင့် အစဉ်အလာဓလေ့ထုံးစံတွေထဲက ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုသာ လက်ဆင့်ကမ်းသယ်ယူပြီး၊ ဖယ်ရှားသင့်တာတွေကို ဖယ်ရှားရမယ့် အချိန်ရောက်နေပြီဖြစ်ပါတယ်။ ဒါမှလဲ တိုးတက်တဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာပါ။ ခြေကျင်ခရီးကနေ လေယာဉ်ပျံတွေ ပေါ်ပေါက်လာတာ၊ ခိုနဲ့ စာပို့စနစ်ကနေ လျှပ်စစ်စာပို့စနစ်တွေ ဖြစ်လာတာကို မလွဲမသွေလက်ခံ အသုံးပြုလာရတဲ့ အချိန်မှာ ကျားမတန်းတူ ညီမျှမှုဆိုတာကလဲ လက်ခံကျင့်သုံးရမယ့် အခြေအနေတခု ဖြစ်လာနေခဲ့ပါပြီ။ အခုဒီဆောင်းပါးမှာ ကျားမတန်းတူညီမျှမှု အခြေတည်ထွက်ပေါ်လာခဲ့တဲ့ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုရဲ့ သမိုင်းကြောင်းကို တင်ပြမှာဖြစ်ပါတယ်။
ကနဦးအစ
အမျိုးသမီးအခွင့်အလမ်း တောင်းဆိုမှုတွေဟာ ၁၇ ရာစုနှောင်းပိုင်းနဲ့ ၁၈ ရာစုနှောင်းပိုင်းတွေမှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉ရာစုမှာ ဥရောပ တော်လှန်ရေးတွေ ထွက်ပေါ်လာတဲ့ အချိန်ကာလအထိ ထင်သာမြင်သာ မရှိခဲ့ပါဘူး အမျိုးသမီးအခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပထမဆုံး လှုပ်ရှားခဲ့သူကတော့ ဗြိတိသျှစာရေးဆရာမနဲ့ အမျိုးသမီးဝါဒီတဦးဖြစ်တဲ့ မေရီအက်စ်တယ်လ်ပါပဲ။ သူမရေးသားခဲ့တဲ့ Serious Proposal to the Ladies ဆိုတဲ့ စာတမ်းထဲမှာ အမျိုးသမီးအခွင့်အလမ်းတွေ အတွက် တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးတွေအတွက် ကောလိပ်ကျောင်းတည်ထောင်ပေးရေး အချက်ပါဝင်တာကြောင့် “အမျိုးသမီးတွေဆိုတာ အိမ်တွင်းမှုလုပ်ရမယ်၊ အမျိုးသားတွေက ပြင်ပလူမှုဆက်ဆံရေး၊ အုပ်ချုပ်ရေး လုပ်ရမှာကြောင့် ပညာတတ်ရမယ်“ ဆိုတဲ့ အတွေးအခေါ်တွေ အမြစ်တွယ်နေတဲ့ အဲဒီခေတ်လူ့အဖွဲ့အစည်းရဲ့ ဝေဖန်ပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရပါတယ်။
အမေရိကန်ပြည်တွင်းစစ်ကာလတွေထဲက ၁၇၇၆ ခုနှစ်မှာ Abigail Adams ဆိုတဲ့ အမျိုးသမီးဟာ နောင်တချိန်မှာ အမေရိကန်ရဲ့ vice-president ဖြစ်လာခဲ့တဲ့ သူမရဲ့အမျိုးသား ဂျွန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးအခွင့်အလမ်းရေးရာတွေ ထည့်သွင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမက နောင်တချိန်မှာ အမျိုးသမီးတွေရဲ့ တော်လှန်ရေးတွေ ပေါ်ထွက်လာဦးမယ်လို့ ဆိုခဲ့ပါတယ်။ သူမရဲ့အဆိုဟာ ၁၇၈၉ ခုနှစ်မှာ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေးကာလမှာ အမျိုးသမီးအခွင့်အလမ်းအတွက် လှုပ်ရှားတောင်းဆိုမှုတွေ ပေါ်ထွက်လာခဲ့လို့ပါပဲ။ ၁၇၉၂ ခုနှစ်ရောက်တော့ အင်္ဂလန်က Mary Wollstonecraft ဆိုတဲ့ အမျိုးသမီးဟာ အမျိုးသမီးအခွင့်အလမ်း လမ်းညွှန်စာတမ်းကို ထုတ်ဝေခဲ့ပါတယ်။ သူမရဲ့စာတမ်းကို ဘာသာစကား မြောက်မြားစွာ ဘာသာပြန်ဆိုခဲ့ကြပြီး၊ တကမ္ဘာလုံးမှာ အမျိုးသမီးအခွင့်အလမ်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိလာကြပါတယ်။ သူမဟာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းတွေကို တောင်းဆိုခဲ့တာကြောင့် အဲဒီခေတ်ကာလက အမြစ်တွယ်နေတဲ့ “နိုင်ငံရေးဆိုတာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်“ဆိုတဲ့ အယူအဆတွေကို ကိုင်စွဲထားသူတွေက ပြစ်တင်ရှုံ့ချတာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လဲ နောင်နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာတော့ သူမရဲ့ တောင်းဆိုချက်တွေကို ကိုင်စွဲပြီး ကမ္ဘာအနှံ့မှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။
ပထမဦးဆုံးနိုင်ငံတကာအမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု
၁၈၃၀ နဲ့ ၁၈၄၀ ကာလတွေဟာ လူနေမှုစနစ် ပြုပြင်ပြောင်းလဲရေးကာလတွေ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေရဲ့ မဲပေးခွင့် လှုပ်ရှားမှုတွေ စတင်ပေါ်ထွက်လာပါတယ်။ ဥရောပမှာ ပေါ်ပေါက်လာခဲ့တဲ့ ဘာသာရေးလှုပ်ရှားမှုတွေ၊ အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပေါက်လာခဲ့တဲ့ လက်ထပ်ထားသော အမျိုးသမီးများရဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးလှုပ်ရှားမှုတွေ၊ ၁၈၄၇-၄၈ ကာလ ဥရောပ တော်လှန်ရေးတွေဟာ အမျိုးသမီး လှုပ်ရှားတက်ကြွသူများစွာကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စာပေဟာ တော်လှန်ရေးတခုရဲ့ လက်နက်ဖြစ်တာကြောင့် အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ စာပေလက်နက်ကို အသုံးပြုပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုကြီး အချိန်တိုကာလအတွင်းမှာတင် နိုင်ငံတကာ လှုပ်ရှားမှု အသွင်သဏ္ဍာန်ကို ကူးပြောင်းသွားတဲ့ အဓိကအချက်ကတော့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်း မခွဲခြားပဲ အချင်းချင်းအားပေးကူညီမှုနဲ့ တော်လှန်ရေးလမ်းကြောင်းပေါ်အခြေတည်သော သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြလို့ပါပဲ။ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေဟာ လှုပ်ရှားမှုဖော်ဆောင်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေကို တနိုင်ငံနဲ့ တနိုင်ငံ ပို့ဆောင်ဖြန့်ဝေခဲ့ကြပါတယ်။ ဘာသာစကားကျွမ်းကျင်သူတွေက တခြားဘာသာစကားတခုကနေ မိခင်ဘာသာစကားကို ပြန်ဆိုဖြန့်ဝေ ခဲ့ကြတယ်။ အမျိုးသမီးထုအတွင်းကို အတွေးအခေါ်သစ်တွေ ပျံ့နှံ့ရောက်ရှိအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း ခဲ့ကြပါတယ်။ လူထုဟောပြောပွဲတွေ ပြုလုပ်ကြပါတယ်။ (၁၈၄၇) ခုနှစ်မှာ အမျိုးသမီးဝါဒီများအဖြစ် မိမိကိုယ်ကို ယုံကြည်လက်ခံတဲ့ ရာပေါင်းများစွာသော အမျိုးသမီးတွေဟာ နိုင်ငံတကာပူးပေါင်းလှုပ်ရှားမှု အသွင်နဲ့ ခြေဆန့်လာခဲ့ကြပါတယ်။
၁၈၄၈ ခုနှစ်မှာ နယူးယောက်မှာ ပထမဆုံးအမျိုးသမီးညီလာခံကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့ နစ်နာမှုများ ကြေညာစာတမ်းကို ရေးဆွဲခဲ့တဲ့ အက်လီဇဘက် စတင်တန်ဟာ ကမ္ဘာ့အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှုကြီးမှာ တစတစ နာမည်ကြီးလာခဲ့ပါတယ်။ အက်လီဇဘက်ဟာ ၁၉၅၁ ခုနှစ်မှာ အန်တိုနီဆိုတဲ့ အမျိုးသမီးတဦးကို စတင်တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက်တူညီတဲ့အတွက် တဦးနဲ့တဦး ကူညီထောက်ခံတဲ့ ဘ၀တသက်တာ မိတ်ဆွေများအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ အန်တိုနီက ဖွဲ့စည်းတည်ဆောက်ရေးနဲ့ မဟာဗျူဟာ ရေးဆွဲရေးတွေမှာ အားသာချက်ရှိပါတယ်။ အက်လီဇဘက်မှာ လူထုဟောပြောမှုနဲ့ စည်းရုံးရေးစွမ်းရည်တွေမှာ အားသာချက်ရှိပါတယ်။
လှုပ်ရှားမှုတခုမှာ ဒီစွမ်းရည်တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ့ စင်နောက်မှာ ဇာတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့ အတိုချုံး ဆိုနိုင်ပါတယ်။ လူ့စိတ်ဆိုတာကလဲ အတော်ရှုပ်ထွေးပါတယ်။ လူအများက စင်ပေါ်မှာ ကပြရင်း ရလာမယ့် ကျော်ကြားမှုတွေ၊ လက်ခုပ်သံတွေကို လူမသိ၊ သူမသိနဲ့ စင်နောက်မှာနေပြီး ကိုယ့်ဇာတ်ညွန်းအောင်မြင်သွားလို့ ပျော်ရွှင်တဲ့ ပီတိ အရသာတွေထက် ပိုပြီး နှစ်သက်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းသားကြီး မလုပ်ရလို့ ပတ်မထိုးဖောက်သူတွေ၊ စင်ပေါ် မရမနေ ကုတ်ကပ်တက်သူတွေ၊ တစင်ထောင်သူတွေ များလာပြီး လှုပ်ရှားမှုစင်လဲ ပြိုလဲတော့တာပါပဲ။ စင်ပေါ်က အရည်အချင်းနဲ့ စင်နောက်က အရည်အချင်း ရှိသူတွေ ဟန်ချက်ညီ လက်တွဲမိနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက်သွေးကြောပါပဲ။
အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုမှာတော့ နပိုလီယံလို့ အများက နာမည်ပေးထားတဲ့ ဗျူဟာရေးဆွဲရေး ကျွမ်းကျင်သူ အန်တိုနီနဲ့ လူထုစည်းရုံးရေးကျွမ်းကျင်သူ အက်လီဇဘက်တို့ ဟန်ချက်ညီ လက်တွဲသွားမိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ နယူးယောက် ဥပေဒေမှာ အမျိုးသမီးကလေး သူငယ် စောင့်ရှောက်ခွင့်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်လစာကို ကိုယ်ပိုင်ထိန်းချုပ်သုံးစွဲခွင့် ဆိုင်ရာ အခွင့်အလမ်းတွေကို ပြငှာန်းတဲ့ ဥပေဒေအချက်အလက်တွေ ပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလက အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်နဲ့ လမ်းခွဲရင် မိခင်က ကလေးသူငယ်အုပ်ထိန်းခွင့်မရပဲ ဖခင်ကသာ ရပါတယ်။ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုလိုက်ရင် မိဘအမွေအနှစ် ဥစ္စာပစ္စည်းတွေကို အမျိုးသားကို လွှဲပြောင်းပေးရပါတယ်။ ကိုယ်ပိုင်လုပ်အားကြောင့် ရလာတဲ့ လစာကိုလဲ ကိုယ်တိုင်သုံးစွဲခွင့်မရှိပါဘူး။ ဒီအခြေအနေတွေကို အန်တိုနီနဲ့ အက်လီဇဘက်တို့ဦးဆောင်တဲ့ အမေရိကန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောင်းလဲနိုင် ခဲ့ကြပါတယ်။ ဒီအောင်ပွဲဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဗြိတိသျှ၊ ဂျာမဏီ၊ ကနေဒါနိုင်ငံက အမျိုးသမီးဝါဒီတွေဟာ အမျိုးသမီး မြေယာပိုင်ဆိုင်မှုအခွင့်အလမ်းတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားလာခဲ့ကြပါတော့တယ်။ (၁၈၈၈) ခုနှစ်မှာကျတော့ အန်တိုနီနဲ့ အက်လီဇဘက် စတင်တန်တို့ဟာ ဥရောပအမျိုးသမီးဝါဒီ အဆက်အသွယ်တွေနဲ့ ပူးတွဲပြီး၊ နိုင်ငံတကာအမျိုးသမီးကောင်စီကို ဦးဆောင်တည်ထောင်ခဲ့ကြပါတော့တယ်။
၂၀ ရာစုခေတ် အမျိုးသမီး ကွန်ယက်ချိတ်ဆက်မှု
၁၉၀၄ ခုနှစ်မှာ ဂျာမဏီနိုင်ငံ၊ ဘာလင်မှာ ကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးကောင်စီ ကွန်ဖရင့်မှာ နိုင်ငံတကာအမျိုးသမီး မဲပေးခွင့်လှုပ်ရှားမှု မဟာမိတ်အဖွဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ အမျိုးသမီး လှုပ်ရှားမှုတွေဟာ နိုင်ငံအနှံ့မှာ သီးခြားဆီ ဖြစ်ပေါ်နေတာ ဖြစ်ပေမယ့် နိုင်ငံပေါင်းစုံက အမျိုးသမီးဝါဒီတွေဟာ တဖွဲ့ချင်း၊ တဖွဲ့ချင်း ကွန်ယက်ချိတ်ဆက်မှုတွေ၊ ကူညီအားပေးမှုတွေ၊ အတွေးအမြင် ဖလှယ်မှုတွေ ရှိနေခဲ့ကြပါတယ်။ ၁၉၁၀ မှာ ဂျာမဏီမှာ ကျင်းပတဲ့ ဆိုရှယ်လစ်အမျိုးသမီး နိုင်ငံတကာ ကွန်ဖရင့်မှာ အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတကာ အမျိုးသမီး များနေ့ကို စတင်သတ်မှတ်ခဲ့ကြပါတယ်။ (စကားချပ်- ကမ္ဘာ့ကုလသမဂ္ဂက ၁၉၇၅ ခုနှစ်ကျမှ မတ်လ (၈) ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အနေနဲ့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်)
ပထမကမ္ဘာစစ်မတိုင်ခင် ကာလတလျှောက်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်အတွက် နိုင်ငံပေါင်းစုံမှာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ မဲပေးခွင့်အတွက် ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ကြသလို၊ နယ်သာလန်က Carrie Catt ဆိုတဲ့ အမျိုးသမီးကလဲ ဘာသာရေးမစ်ရှင် ခရီးထွက်ရင်း၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံစတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီး မဲပေးခွင့် အခွင့်အလမ်းတွေကို ဟောပြောလှုံ့ဆော်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကြီးကာလ (၁၉၁၅) ခုနှစ်မှာ ဥရောပအမျိုးသမီးအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ဆိုရှယ်လစ်အမျိုးသမီး နိုင်ငံတကာ ကွန်ဖရင့်နဲ့ ဥရောပ- အမေရိက နိုင်ငံတကာအမျိုးသမီး ကွန်ဂရက် တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြုလုပ် လာခဲ့ကြပါတယ်။ (၁၉၁၉) ကျတော့ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာ အမျိုးသမီးအဖွဲ့ချုပ်ကြီးကို ဆွစ်ဇလန်၊ ဂျာနီဗာမှာ ဖွဲ့စည်းခဲ့ကြပါတယ်။
ပထမကမ္ဘာစစ်အပြီးကာလမှာ ပဲရစ် ငြိမ်းချမ်းရေးကွန်ဖရင့်ကို အမျိုးသမီးကိုယ်စားလှယ်တွေသွားရောက်ခဲ့ပြီး အမျိုးသမီးအခွင့်အလမ်းဆိုင်ရာ အကြံပြုချက်စာတမ်းတွေ ပေးအပ်ခဲ့ကြပါတယ်။ ဒီကာလတလျှောက်မှာ အမျိုးသမီးလှုပ်ရှားမှုဟာ ဥရောပနဲ့ အမေရိကသာမကပဲ တကမ္ဘာလုံးကို ပျံ့နှံ့သွားပါပြီ။ အီဂျစ်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ မက်ဆီကို နိုင်ငံတွေမှာ အမျိုးသမီးအဖွဲ့အစည်းတွေ စတင်ပေါ်ပေါက်လာပါတယ်။ ၁၉၂၆ ခုနှစ်မှာ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာအမျိုးသမီး အဖွဲ့ချုပ်ကြီးမှာ အဖွဲ့ဝင် ငါးသောင်းကျော် ပါဝင်နေပါပြီ။ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားသူတွေဟာ နိုင်ငံတကာ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီး၊ လှုပ်ရှားမှု အရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပြောင်းလဲလာပါတယ်။ လူ့စွမ်းအား အရင်းအမြစ်လိုအပ်ချက်ကြောင့် အမျိုးသမီးတွေရဲ့ လုပ်အားကို ချန်လှပ်ထားလို့ မရတော့တဲ့ အခြေအနေဖြစ်လာပါတယ်။ ၁၉၄၀ အလွန်ကာလတွေမှာ အမေရိကန်နဲ့ ဥရောပက အိမ်ထောင်မရှိအမျိုးသမီးများရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ အိမ်ထောင်ရှိအမျိုးသမီးများရဲ့ ၈၀ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်တွေဆီ ရောက်နေကြပါပြီ။ အမျိုးသမီးအလုပ်သမားတွေအတွက် လစာတိုးမြှင့်မှု၊ အလုပ်လုပ်ချိန် မျှတမှု ဆိုင်ရာ မူဝါဒသစ်တွေလဲ ပြငှန်းလာကြရပါတော့တယ်။ အမျိုးသားနဲ့ အမျိုးသမီး လူမှုညီမျှမှု ပထမဆုံးအကြိမ် ထွက်ပေါ်လာပါတယ်။ စစ်ပြီးကာလရောက်တော့ နိုင်ငံအများအပြားမှာ အမျိုးသမီးတွေ မဲပေးခွင့် ရရှိလာပါတော့တယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလကျတော့ ၁၉၄၆ ခုနှစ်မှာ ကုလသမ္မဂ္ဂ အမျိုးသမီးအဆင့်အတန်း ကော်မရှင် ထွက်ပေါ်လာပါတယ်။ အမျိုးသမီးတွေရဲ့ တန်းတူညီမျှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးအခွင့်အလမ်းတွေကို တိုးမြှင့်ဖော်ထုတ်ပေးဖို့ဖြစ်ပါတယ်။ ၁၉၅၁ မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (အိုင်အယ်လ်အို) ကနေအမျိုးသမီး လုပ်အားခ တန်းတူညီမျှရေး ကွန်ဗင်းရှင်း ကို လက်ခံပြီး၊ ၁၉၅၃ မှာ စတင်ကျင့်သုံးပါတယ်။ နိုင်ငံပေါင်း များစွာက လက်ခံကျင့်သုံးလျက်ရှိပါတယ်။
အမျိုးသမီးနှင့်ကမ္ဘာ့ကုလသမဂ္ဂ
၁၉၇၀ ကာလတွေမှာ အမျိုးသမီးအခွင့်အလမ်း လှုပ်ရှားမှု လှိုင်းလုံးကြီးက ကမ္ဘာတ၀ှမ်းမှာ ပျံ့နှံ့နေခဲ့ပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂက ဒီလှိုင်းလုံးကြီးကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၇၅ ခုနှစ်ကို နိုင်ငံတကာအမျိုးသမီးများနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ (၁၉၇၅) ခုနှစ်မှာ မက်ဆီကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံကြီးမှာ အန်ဂျီအိုအဖွဲ့များက အမျိုးသမီး ခြောက်ထောင်ကျော်နဲ့ အစိုးရကိုယ်စားလှယ်အမျိုးသမီး (၁၃၃) ဦး တက်ရောက်ခဲ့ကြပါတယ်။ ကိုလိုနီစနစ်ရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများပေါ် သက်ရောက်ခဲ့တဲ့ ဆိုးကျိုးတွေကို ဆွေးနွေးခဲ့ကြပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအဖွဲ့ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ၁၉၇၆ ကနေ ၁၉၈၅ ခုနှစ်အထိကို အမျိုးသမီးများအတွက် ကုလသမဂ္ဂ ဆယ်စုနှစ်အဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
(၁၉၈၀) ခုနှစ်မှာ ကိုပင်ဟေဂင်မှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ညီလာခံကြီးမှာ နိုင်ငံပေါင်း (၁၄၅) နိုင်ငံက အမျိုးသမီးကိုယ်စားလှယ်များနဲ့ အန်ဂျီအိုင်အဖွဲ့များက အမျိုးသမီး ရှစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။ ကိုပင်ဟေဂင်ကွန်ဖရင့်ကနေ အမျိုးသမီးများနိုင်ငံရေးနဲ့ ဆုံးဖြတ်ချက် ချမှတ်ရေးမှာ ပါဝင်ခွင့် ရရှိရေး၊ ဥပေဒနဲ့ မူဝါဒများမှာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှု ပပျောက်ရေးတွေကို တောင်းဆိုတဲ့ ကမ္ဘာ့လှုပ်ရှားမှု အစီအစဉ်ကို ရေးဆွဲဖော်ဆောင်ခဲ့ပါတယ်။
အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှုကို ကျားမ တန်းတူညီမျှရေး လှုပ်ရှားမှုအနေနဲ့ အသွင်သဏ္ဍာန် ဖော်ဆောင်လာတာကတော့ ၁၉၈၅ ခုနှစ်မှာ ကင်ညာမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီး ၀ါဒဆိုတာကို ကျား၊ မ တန်းတူ ညီမျှမှုကို ဦးတည်စေတဲ့ ၀ါဒတရပ်အဖြစ် လူတွေက သိနားလည်ခြင်း မရှိခဲ့ကြပါဘူး။ အမျိုးသားတွေဟာ ရာစုနှစ်ပေါင်းများစွာ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံခဲ့ကြတာ ဖြစ်တဲ့အတွက် အတုန့်အလှည့်အနေနဲ့ အမျိုးသမီးတွေက ပြန်လည်ဆက်ဆံမှာကို ကြောက်စိတ်ဝင် ခဲ့ကြပါတယ်။ အမျိုးသမီးဝါဒကို မိန်းမကြီးစိုးရေးဝါဒအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ အမျိုးသမီးဝါဒဆိုတဲ့ စကားလုံးကို အဆိုးဘက်ကနေ ပုံဖော်ထားတာကြောင့် အမျိုးသမီးဝါဒီတွေကို လူ့အဖွဲ့အစည်းက အဆိုးဘက်ကနေ ရှုမြင်တတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးဝါဒရဲ့ အခြေခံအနှစ်သာရက အမျိုးသားတွေကို နှိမ့်ချဆက်ဆံတာ မဟုတ်ပါဘူး။ ကျားမတန်းတူညီမျှမှုပေါ်မှာ အခြေခံပြီး၊ တဦးနဲ့တဦး လွှမ်းမိုးချုပ်ချယ်မှုကင်းတဲ့ လွတ်လပ်သော လူ့ဘောင်သစ်ကို တည်ဆောက်ဖို့ ရည်ရွယ်ချက်သာ ဖြစ်ပါတယ်။ မိသားစုတွင်းမှာလဲ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမျှမှု၊ အတူတကွယှဉ်တွဲနေထိုင်မှုကိုသာ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို အမျိုးသမီးဝါဒီတွေက အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နားလည်အောင် ပညာပေးမှု ပြုလုပ်လာခဲ့ကြရပါတယ်။
ကင်ညာညီလာခံကနေ အမျိုးသမီးအခွင့်အလမ်းတွေကို ကဏ္ဍသုံးရပ်မှာ မြှင့်တင်ပေးဖို့ ဗျူဟာတွေ ချမှတ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပေဒေရေးရာကဏ္ဍ၊ လူမှုဘ၀တန်းတူညီမျှရေး၊ နိုင်ငံရေးပါဝင်ပတ်သက်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ တန်းတူညီမျှရေးတဲ့ ကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ရှင်းလင်းပြတ်သားတဲ့ လှုပ်ရှားမှုပလက်ဖောင်းကတော့ ၁၉၉၅ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ စတုတ္တအကြိမ် ကမ္ဘာ့အမျိုးသမီး ညီလာခံမှာမှ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ အန်ဂျီအိုအဖွဲ့ ၂၁၀၀ ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီး ငါးထောင်ကျော်၊ အစိုးရကိုယ်စားလှယ် ၁၈၉ ယောက်နဲ့ တသီးပုဂ္ဂလ အန်ဂျီအိုဖိုရမ် ”၉၅ ကနေတဆင့်တက်ရောက်လာတဲ့ အမျိုးသမီး သုံးသောင်းကျော်၊ အင်တာနက်ကနေ တက်ရောက်တဲ့ အမျိုးသမီးထောင်ပေါင်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ စုစုပေါင်း လေးသောင်းခုနစ်ထောင်ကျော် တက်ရောက်ခဲ့တဲ့ အကြီးကျယ်ဆုံးကွန်ဖရင့်ကြီး တခုဖြစ်ခဲ့ပါတယ်။
ဒီညီလာခံကြီးကနေ ဘီဂျင်းကြေငြာစာတမ်းကြီးထုတ်ပြန်ခဲ့ပြီး၊ ဘီဂျင်းလှုပ်ရှားမှုပလက်ဖောင်းကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုပလက်ဖောင်းဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနှင့် လေ့ကျင့်သင်တန်းပေးရေး၊ ကျန်းမာရေး၊ အမျိုးသမီးအကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋ္ဋိပက္ခ၊ စီးပွားရေး၊ အာဏာရအမျိုးသမီးများ၊ အမျိုးသမီးရေးရာမြှင့်တင်ရေး institutional mechanisms များ၊ အမျိုးသမီးနှင့်လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် သတင်း၊စာနယ်ဇင်း၊ အမျိုးသမီးနှင့် ပတ်ဝန်းကျင်၊ အမျိုးသမီး ကလေးသူငယ်စတဲ့ ကဏ္ဍာန်စုံ လှုပ်ရှားမှုတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။
(၁၉၉၇) ခုနှစ်ရောက်တော့ အီးယူ (၁၅) နိုင်ငံကနေ အမ်စတာဒမ် စာချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာချုပ်မှာ ကျား၊ မ တန်းတူညီမျှမှုကို အီးယူရဲ့ အခြေခံ အခွင့်အရေးအနေနဲ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်၊ ဇွန်လကျတော့ ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ အမျိုးသမီးအခွင့်အလမ်းမြှင့်တင်ရေး ဌာနခွဲတို့ကနေပြုလုပ်တဲ့ အမျိုးသမီး ၂၀၀၀ – ၂၁ ရာစု ကျားမ၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး ဆိုတဲ့ ယူအင် အထူး ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ဘီဂျင်း + ၅ လို့ နာမည်ရတဲ့ ဒီဆွေးနွေးပွဲမှာ ဘီဂျင်းလှုပ်ရှားမှု ပလက်ဖောင်းအရ တိုးတက်မှုတွေကို ပြန်လှန်အကဲဖြတ်ဆန်းစစ်မှုတွေ လုပ်ခဲ့ကြပါတယ်။
(၂၀၀၀) ခုနှစ်၊ ဟက်တင်ဘာ (၆) ရက်ကနေ (၈) ရက်နေ့အတွင်းမှာ နယူးယောက်ကုလသမဂ္ဂ ရုံးချုပ်မှာ နိုင်ငံတော် အစိုးရအကြီးအကဲတွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။ အဲဒီမှာ Millennium ကြေညာချက်စာတမ်းကြီးကို ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကြေညာစာတမ်းထဲမှာ “ကျားမတန်းတူညီမျှရေးကို မြှင့်တင်ခြင်းနှင့် အမျိုးသမီးများအား empowerment လုပ်ခြင်းသည် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထိရောက်ဆုံး နည်းလမ်းများဖြစ်သည်“ ဆိုတဲ့ အချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာပဲ အောက်တိုဘာလ (၃၁) ရက်နေ့မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ Resolution 1325 ကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၅ )ရက်နေ့ကို အမျိုးသမီးများ အကြမ်းဖက်မှုခံရမှုမှ လွတ်ကင်းခွင့်ရရေး နိုင်ငံတကာ နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံပေါင်းများစွာမှာ အထိမ်းအမှတ်တွေ ပြုလုပ်နေကြပါတယ်။
၂၀၀၅ ခုနှစ်မှာ ဘီဂျင်းမှာ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးကွန်ဖရင့်ကြီးရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည် ကွန်ဖရင့်ကျင်းပခဲ့ပါတယ်။ ဘီဂျင်း+၁၀ မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ gender mainstreaming အပေါ် ယုံကြည်ထောက်ခံမှုကို ကြေညာခဲ့ကြပြီး၊ ကွန်ဖရင့် ထောက်ခံချက်တွေကို ၂၀၀၅ ခုနှစ် World Summit ကို ယူဆောင်သွားဖို့ စီမံခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၀၅ World Summit မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုခံရမှုမှ ပပျောက်ရေး၊ အစိုးရဌာနဆိုင်ရာများမှာ ဆုံးဖြတ်ချက် ချမှတ်နိုင်မယ့် အမျိုးသမီး အကြီးအကဲများ ပါဝင်လာရေး စတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင် အထည်ဖော်လာခဲ့ကြပါတယ်။
နိဂုံး
သမိုင်းဆိုတာ လူတွေက ရေးသားရတာဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းအစဉ်အလာဆိုတာကလဲ ခေတ်စနစ်တခုမှာ ရှိနေတဲ့ လူသားတွေက မျက်မှောက်ခေတ်အခြေအနေနဲ့ အနာဂတ်အလားအလာတွေကို ရှုမြင်သုံးသပ်ပြီး၊ ပယ်သင့်တာကိုပယ်၊ ယူသင့်တာကိုယူ၊ အသစ်ဖန်တီးသင့်တာကို ကြံဆောင် ဖန်တီးပေးရတာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက အမျိုးသမီးအခွင့်အလမ်းလှုပ်ရှားမှု သမိုင်းကြောင်းကို တိုးတက်တဲ့ အတွေးအခေါ် ရှိတဲ့ အမျိုးသမီးတွေက သွေး၊ ချွေး၊ ဦးနှောက်တွေနဲ့ ဖန်တီး ရေးသားခဲ့ကြပြီး၊ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားတွေက ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါတွေကို တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေက လက်ခံခဲ့ကြပြီး၊ လိုက်လျောညီထွေတဲ့ ပြောင်းလဲမှုတွေ လုပ်လာခဲ့ကြပါတယ်။ ဒီလို တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါင်းစပ်မှုကနေ ယနေ့မျက်မှောက်ခေတ် တိုးတက်တဲ့ ကမ္ဘာ့လူ့ဘောင်ကြီး ထွက်ပေါ်လာခဲ့ပါတာဖြစ်ပါတယ်။ ဒါကြောင့်
လှုပ်ရှားမှုသမိုင်းကြောင်းကို ရေးသားမယ့် တိုးတက်သော အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတွေ
ခေတ်စနစ်နဲ့ အနာဂတ်ကို ရှုမြင်သုံးသပ်နိုင်မယ့် တိုးတက်သော အမြင်ရှိတဲ့ အမျိုးသားတွေ
ခေတ်နဲ့အညီလိုက်လျောညီထွေ ပြောင်းလဲနိုင်မယ့် တိုးတက်သော လူ့အဖွဲ့အစည်း တွေကို
တရားမျှတမှု၊ လွတ်လပ်ပွင့်လင်းမှု၊ ညီညွတ်သွေးစည်းမှု၊ တန်းတူညီမျှမှု အပေါ်မှာ အခြေခံမယ့် ၂၁ ရာစု မြန်မာ့လူ့ဘောင်သစ်ကြီးက စောင့်မျှော်ကြိုဆိုလျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ခင်မမမျိုး (၆၊၁၁၊ ၂၀၀၉)
Humanitarian Intervention
Tuesday, October 27, 2009
ခေါင်းဆောင်များနှင့် ဆက်ဆံရေးကွက်လပ်များ
Friday, October 23, 2009
စီးပွားရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့တွေမှာဖြစ်ဖြစ် ခေါင်းဆောင်တွေ အများအပြား ရှိပါတယ်။ ဒီခေါင်းဆောင်တွေထဲမှာ တချို့က လူအများကြားမှာ ရေပန်းစားတာ၊ တချို့က နောက်ကွယ်က ကြိုးကိုင်ခေါင်းဆောင်မှုပေးတာ၊ တချို့က လုပ်နည်းလုပ်ဟန်အရ ခေါင်းဆောင်တာ၊ တချို့က အတွေးအခေါ်အရ ခေါင်းဆောင်တာ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ခေါင်းဆောင်သူတွေရှိပါတယ်။ ဒီခေါင်းဆောင်တွေထဲမှာမှ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေအတွက် ခေါင်းဆောင်မှုအရည်အချင်းတွေ၊ ဆက်ဆံရေး အရည်အချင်းတွေ ပြည့်ဝနေဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒီအရည်အချင်းတွေမှာ ချို့ယွင်းအားနည်းချက်တွေရှိနေရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အဖွဲ့အစည်းတွေ ပြိုကွဲတာ၊ လုပ်ငန်းတွေ ပြိုလဲတာ၊ ရည်မှန်းချက် မပြည့်မှီတာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ဆက်ဆံရေးဆိုတာမှာ အဖွဲ့အစည်းရဲ့ အသွင်သဏ္ဍာန်ပေါ်မှာ မူတည်ပြီး ဆက်ဆံရမယ့် အုပ်စုတွေရှိပါတယ်။ ဥပမာ- စီးပွားရေးလုပ်ငန်းတခုရဲ့ ဦးဆောင်ဒါရိုက်တာတယောက်ဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့နဲ့ ဆက်ဆံရပါတယ်။ ဒီလိုဆက်ဆံတဲ့အခါမှာ အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ယူရပါတယ်။ စနစ်တကျ စီမံခန့်ခွဲမှု၊ လုပ်ငန်းအမြတ်အစွန်းရရှိမှု၊ ပြိုင်ဘက်လုပ်ငန်းတွေကို အနိုင်ယူနိုင်မှု၊ ဈေးကွက်အခြေအနေကို မျက်ခြေမပြတ်သုံးသပ်လေ့လာတတ်မှု၊ ဖောက်သည်တွေနဲ့ ဆက်ဆံရေး စတာတွေက ဒါရိုက်တာဘုတ်အဖွဲ့က လိုလားတဲ့ အရည်အချင်းတွေဖြစ်ပါတယ်။ ဒီအရည်အချင်းတွေကို ဖော်ထုတ်အသုံးပြုနိုင်တဲ့အခါ ဘုတ်အဖွဲ့က လေးစားယုံကြည်မှုတိုးလာပါတယ်။ ဒါက Private company တွေမှာပါ။ Public company ဆိုရင်တော့ ရှယ်ယာထည့်ဝင်ထားသူတွေက အကျိုးအမြတ်ရရှိမှု၊ ဈေးကွက်ထိုးဖောက်နိုင်တဲ့အင်အား၊ လုပ်ငန်းအမည်ကောင်း စတာတွေကို လိုလားကြပါတယ်။ လုပ်ငန်းကြီးတွေမှာ shareholder အစည်းအဝေးတွေလုပ်ကြတာက လုပ်ငန်းကိုဦးဆောင်လုပ်နေသူတွေနဲ့ ရှယ်ယာပိုင်ဆိုင်သူတွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတခုကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။
ဒီတော့ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တယောက်ဟာ ရှယ်ယာပိုင်ဆိုင်သူတွေ၊ ဒါရိုက်တာ ဘုတ်အဖွဲ့တွေနဲ့ပဲ ယုံကြည်မှုဆက်ဆံရေးတည်ဆောက်ရုံနဲ့ ပြီးမလားလို့ မေးစရာရှိပါတယ်။ မပြီးသေးပါဘူး။ အကျိုးတူပူးပေါင်းထားတဲ့ လုပ်ငန်းတွေနဲ့ ဆက်ဆံရေး၊ ပြိုင်ဘက်တွေနဲ့ ဆက်ဆံရေး၊ ဖောက်သည်တွေနဲ့ လုပ်ငန်းအကြား ဆက်ဆံရေး၊ suppliers တွေနဲ့ ဆက်ဆံရေးတွေလဲ ရှိပါသေးတယ်။ ဒါတွေအားလုံးထက် ပိုပြီး အရေးကြီးတဲ့ ဆက်ဆံရေးတခုကတော့ မိမိလုပ်ငန်းထဲက ၀န်ထမ်းတွေနဲ့ ဆက်ဆံရေးပါပဲ။ ပြင်ပလုပ်ငန်းဆောင်တာမှာ သိပ်အလုပ်များသူတွေဟာ ကိုယ်ဦးဆောင်နေတဲ့ လုပ်ငန်းတခုရဲ့ ယန္တရားကို လည်ပတ်နေသူတွေကို မေ့တတ်ကြပါတယ်။ တချို့ကလဲ လက်ထောက်ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို ယုံကြည်မှုအရှိလွန်ပြီး လူရင်းတွေအနေနဲ့ လွှတ်ထားလိုက်တာ၊ တချို့ကကျတော့လဲ အလုပ်များလွန်းလို့ ဂရုမစိုက်ဖြစ်တာတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ကွက်လပ်တွေ ထွက်လာပါတယ်။ လူတွေရဲ့ စိတ်မှာ အလုပ်နဲ့ ပတ်သက်ပြီး ဖောက်လွဲမှုနှစ်မျိုးရှိတတ်ပါတယ်။ တခုက အလုပ်ကို ကြိုးကြိုးစားစားနဲ့ သစ္စာရှိရှိလုပ်ပေမယ့် အသိအမှတ်ပြုခံလိုတာနဲ့ နောက်တခုကကျတော့ အကြောင်း၊ အကျိုး တိုက်ဆိုင်မှုအခြေအနေတခုမှာ သစ္စာဖောက်တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကဏ္ဍမှာ ခေါင်းဆောင်ရဲ့ စည်းရုံးရေးကွက်လပ်ဖြစ်နေရင် အလုပ်ခွင်ရဲ့ motivation ကတော့ ကျစမြဲပါပဲ။
အခုပေးထားတဲ့ ဥပမာက လုပ်ခ၊ လစာ အပေါ်တည်မှီမှု ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်တတ်တာလေးတွေပါ။ ဒီလိုလုပ်ငန်းတွေမှာတောင် ဒီအခြေအနေတွေ ဖြစ်တတ်သေးတယ်ဆိုရင် နိုင်ငံရေးအဖွဲ့အစည်း တွေမှာကတော့ ဒီထက် ပိုကြီးမားတဲ့ ခေါင်းဆောင်မှုကွက်လပ်တွေဖြစ်လာ တတ်တယ်လို့ ဆိုရပါမယ်။ နိုင်ငံရေးအဖွဲ့အစည်းဆိုတာမှာ အစိုးရအဖွဲ့၊ ပါတီ၊ တခြားအဖွဲ့အစည်း အသွင်အမျိုးမျိုး ရှိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်တယောက် (၀န်ကြီးချုပ်၊ သမ္မတ) ဖြစ်သူဟာ သူ့ရဲ့ ကက်ဘိနက်နဲ့ ဆက်ဆံရေး၊ ပါတီတူ အမတ်တွေနဲ့ ဆက်ဆံရေး၊ အတိုက်အခံပါတီ အမတ်တွေနဲ့ ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ပြည်သူလူထုနဲ့ ဆက်ဆံရေး၊ think-tank တွေနဲ့ ဆက်ဆံရေးဆိုပြီး ဆက်ဆံရေးအမျိုးအစားများစွာ ရှိပါလိမ့်မယ်။ ဒီဆက်ဆံရေးတွေမှာ စနစ်တကျဖြစ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုနဲ့ ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေးတွေ ကောင်းမွန်နေပေမယ့် ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့နဲ့ ဆက်ဆံရေးမှာ သတိမမူမိတာလေးတွေကြောင့် ပါတီရဲ့ motivation ကျသွားတာတွေလဲ အများကြီးပဲရှိခဲ့တယ်။ အစိုးရအဖွဲ့မဟုတ်ပဲ နိုင်ငံရေးပါတီတွေမှာလဲ ဒီအတိုင်းပါပဲ။ ဘက်ပေါင်းစုံ ဆက်ဆံရေး မတည်ဆောက်နိုင်တဲ့ ခေါင်းဆောင်တွေရဲ့ ကွက်လပ်တွေကြောင့် ပြိုလဲချိနဲ့သွားတဲ့ ပါတီတွေအများကြီးပဲ။ ဒါက တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတာတွေ ဖြစ်ပါတယ်။
မြန်မာပြည်အနေနဲ့ဆိုရင်လဲ ဒီခေါင်းဆောင်မှုကွက်လပ်တွေကို အများအပြားတွေ့မြင်နေရတယ်။ အာဏာရှင်က နိုင်ငံတနိုင်လုံးရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ စီးပွားရေးအကျိုးအမြတ်ခံစားရယူခွင့်အာဏာတွေကို ရယူထားတာဖြစ်တယ်။ ဒီအတွက် သူ့ဘက်မှာ အာဏာရှင်ဒေါက်တိုင်တွေ အများအပြား တည်ဆောက်ယူထားတယ်။ စစ်တပ်ကို အမိန့်နာခံမှုနဲ့ ထိန်းချုပ်ထားတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အရံမီးသတ်တွေကို စီးပွားရေး မက်လုံးနဲ့ မျှားခေါ်ထားတယ်။ နေ့စားပေးပြီး ရမ်းကားခိုင်းလို့ရမယ့် လူမိုက်တွေမွေးထားတယ်။ ရပ်ကွက်ထဲအထိ အာဏာရှင်စနစ်ရောက်အောင် လုပ်ထားတယ်။ ဒါက ပကတိ အခြေအနေမှန်တရပ်ဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ အဖိနှိပ်ခံ ပြည်သူလူထုကနေ တော်လှန်ရေး သမားတွေ ထွက်လာတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေ အများအပြား ထွက်လာတယ်။ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေ ထွက်လာတယ်။ ဘယ်ကဘယ်လို အယူအဆတွေနဲ့ အခြေခံမှန်း မသိတဲ့ “တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေ“ ဆိုတဲ့ ကြွေးကြော်သံတွေကလဲ ထွက်လာသေးတယ်။ စနစ်တခုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းရဲ့ နောက်ကွယ်မှာ စနစ်သစ်တခု တည်ဆောက်ရေးဆိုတာ ဒွန်တွဲပါနေတာ။ တော်လှန်ရေးကပဲ အဓွန့်ရှည်နေလို့ ဘယ်အချိန်မှာ စနစ်သစ်ကို တည်ဆောက်ကြမှာလဲ လို့ မေးစရာပဲ။
ဒီတော်လှန်ရေးမှာ ရေချိန်အတက်အကျတွေ ဖြစ်တယ်။ အပြောင်းအလဲတွေဖြစ်တယ်။ မပြောင်းလဲတာ နည်းနည်းပဲရှိတယ်။ လုပ်နည်းလုပ်ဟန်တွေ၊ အဖွဲ့အစည်းအပြိုင်အဆိုင်စိတ်တွေ၊ ပုဂ္ဂိုလ်ရေးရှေ့ တန်းတင်တာတွေ၊ ပြီးတော့ ခေါင်းဆောင်မှုကွက်လပ်တွေ။ ဒါတွေမှာတော့ နှစ်ပေါင်းများစွာ ကြာပေမယ့် ပြောင်းလဲခြင်းမရှိဘူး။ လုပ်နည်းလုပ်ဟန်ပြောင်းလဲမှုဆိုတဲ့အခါ ရပ်တည်ချက်၊ ရည်မှန်းချက် ပြောင်းလဲမှုတွေနဲ့ ရောနှောပြောတတ်ကြပြန်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ ရည်မှန်းချက်ဆိုတာက မတူညီဘူး။ ဆယ်တန်းကိုသုံးခါကျနေတဲ့ ကျောင်းသားတယောက်က အရင်တုန်းက စာဖတ်တဲ့ပုံစံ၊ စာမေးပွဲအတွက် ပြင်ဆင်တဲ့ ပုံစံတွေကို ပြောင်းလဲတာဟာ ဆယ်တန်းအောင်ရမယ်ဆိုတဲ့ ရည်မှန်းချက် ပြောင်းလဲတာ မဟုတ်ဘူး။ တခါ ဖြတ်သန်းမှုဆိုတာကို ရှေ့တန်းတင်တာတွေလဲ ရှိတယ်။ အတွေ့အကြုံဆိုတာ ဆရာတဆူပဲ။ ဒါဟာအမှန်တရားပဲ။ ဒါပေမယ့် အတွေ့အကြုံနဲ့ အသိဥာဏ်ကို ပေါင်းစပ်ပြီး မှ ဆရာတင်ရတဲ့ အခါတွေလဲရှိတယ်။ အသိဥာဏ်ကိုပဲ ဆရာတင်ရတဲ့ အခါတွေလဲ ရှိတယ်။ အတွေ့အကြုံ၊ အသိဥာဏ်၊ စဉ်းစားတွေးခေါ်မှု၊ လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေရှိမှုစတာတွေ ပေါင်းစပ်မိဖို့ အရေးကြီးဆုံးပဲ။ ဆယ်တန်းသုံးခါကျ ကျောင်းသားက ဆယ်တန်းတက်စကျောင်းသားကို စာဘယ်လိုကျက်လို့ သွားပြောခဲ့ရင် အသိဥာဏ်ရှိတဲ့ ဘယ်ကျောင်းသားမျိုးက လက်ခံမှာတဲ့လဲ။ ဒီမိုကရေစီတော်လှန်ရေးမှာ ကိုယ်က တိုင်မင်ခေါ်တဲ့အချိန် လူထုမလိုက်လာလို့ မဆီမဆိုင် လူထုကြီးကြောက်နေပြီလို့ မှတ်ချက်ပေးတတ်တဲ့ ခေါင်းဆောင်တွေ ဒီအချက်ကို သတိပြန်ပြုဖို့ လိုလိမ့်မယ်။ လူထုနဲ့ ပတ်သက်တဲ့ မှတ်ချက်မပေးခင် လူထုကြီးနဲ့ ကိုယ်နဲ့ ဘယ်လောက်အထိ ဆက်ဆံရေးရှိနေလဲ။ အပြန်အလှန် ယုံကြည်မှုဘယ်လောက်အထိ တည်ဆောက်ပြီးပြီလဲ။ ကိုယ့်အပေါ်ရှိခဲ့ဖူးတဲ့ လူထုသဘောထားဟာ လက်ရှိအခြေအနေမှာအထိ ရှိသေးလား ဆိုတာတွေ အရင်သုံးသပ်ဖို့ လိုလိမ့်မယ်။
အဓိကကတော့ ခေါင်းဆောင်တွေဟာ ဆက်ဆံရေးကွက်လပ်တွေကို စနစ်တကျပြန်ဖြည့်ဆည်းဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးမအောင်မြင်သေးတဲ့ အကြောင်းရင်းတွေထဲမှာ ဒီအချက် ပါဝင်နေလို့ပါ။ ဘယ်လိုကွက်လပ်တွေရှိနေသလဲ။
(၁) ခေါင်းဆောင်နှင့်အဖွဲ့အစည်းကြားက ဆက်ဆံရေးကွက်လပ်
ဒီကွက်လပ်မှာ လစ်ဟာရင် အဖွဲ့အစည်းအကွဲအပြဲတွေ၊ အမည်ခံပြီး အလုပ်မလုပ်တဲ့ အဖွဲ့ဝင်တွေ၊ စိတ်ပျက်ဘေးထွက်ထိုင်သူတွေ များလာတတ်တယ်။ ကမ္ဘာအရပ်ရပ်က အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတွေမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အစည်းအဝေးကို အနည်းဆုံး တလတခါ၊ ဒေသဆိုင်ရာကော်မတီဝင်တွေနဲ့ အစည်းအဝေးတွေကို အနည်းဆုံးလေးလတခါ၊ နှစ်ပတ်လည်ညီလာခံ စတာမျိုးတွေ လုပ်နေတာ အချိန်တွေ၊ ငွေတွေကို အားအားယားယား သုံးနေကြတာ မဟုတ်ဘူး။ ဒီဆက်ဆံရေး ကွက်လပ်တွေကို ဖြည့်ဆည်းနေတာ ဖြစ်တယ်။ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေကလဲ သူတို့လုပ်ချင်တာ လုပ်နေလို့ မရဘူး။ ဗဟိုကော်မတီကို တင်ပြကြရတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာကြရတယ်။ အဖွဲ့တွင်းဆက်ဆံရေးကို စနစ်တကျ တည်ဆောက်ကြရတယ်။ အတွေးအခေါ်၊ အယူအဆ မကြေလည်မှုတွေကို အပြန်အလှန်လေးစားမှုပေါ် အခြေတည်ပြီး ဆွေးနွေးကြရတယ်။ မပြေလည်မှုတွေမှာလဲ အများဆန္ဒနဲ့အညီ မဲခွဲဆုံးဖြတ်မှု လုပ်ကြရတယ်။ ဒီလိုလုပ်တာမှာလဲ မဲရှုံးတဲ့သူတွေက မဲနှိုင်သူတွေကို ရန်ညှိုးမထားရဘူး။
ခေါင်းဆောင်ဟာ ကိုယ့်အဖွဲ့ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ပြင်ပက ဘာတွေ ဝေဖန်နေသလဲ စတာတွေ မျက်စိ၊ နားစွင့်ထားရတယ်။ အစုအဖွဲ့လေးတွေဆီက အစီရင်ခံစာတွေကို သုံးသပ်ရတယ်။ ဆုံးဖြတ်ချက်ပေးသင့်တာတွေကို ဆုံးဖြတ်ချက်ပေးရတယ်။ အဖွဲ့ဝင်တွေရဲ့အလားအလာ၊ အရည်အသွေး တွေကို အကဲဖြတ်ရတယ်။ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုရတယ်။ အဖွဲ့အစည်းတွေအတွင်းမှာ ရှိရမယ့် ခေါင်းဆောင်နဲ့ ဗဟိုကော်မတီဝင်တွေအကြား၊ ဗဟိုနဲ့ အဖွဲ့ဝင်တွေအကြား ဆက်ဆံရေးတွေမှာ ကွင်းဆက်ပြတ်လာတဲ့အခါ ဂိုဏ်းခွဲထောင်တာတွေ၊ မလုပ်မရှုပ် ထိုင်နေကြတာတွေ၊ ဗဟိုအစည်းအဝေးကို ကော်မတီဝင်တွေက အလေးမထားတွေ၊ ပွင့်လင်းတဲ့ ဆက်ဆံရေး ပျက်ပြယ်ပြီး ရှေ့မှာ ခေါင်းညိတ်၊ နောက်မှာ လုပ်ချင်ရာလုပ်၊ အတင်းတုပ်၊ အပုပ်ချ တာတွေ ဖြစ်လာတော့တာပဲ။ ပိုဆိုးရင်တော့ ကိုယ့်လူသူ့လူတွေမွေးပြီး အဖွဲ့အစည်းတွေ နှစ်ခြမ်း၊ သုံးခြမ်းတွေကွဲကြ၊ တဖွဲ့နဲ့တဖွဲ့ ပြိုင်ကြတာတွေ ဖြစ်ကုန်ပါလေရော။ အဖွဲ့ဝင်တွေမှာလဲ ဘယ်ခေါင်းဆောင်နောက် လိုက်လို့လိုက်ရမသိပဲ အကွဲကွဲ၊ အပြဲပြဲနဲ့ နောက်ဆုံး အဖွဲ့လဲ အစိတ်စိတ်ဖြစ်ပြီး ချိနဲ့သွားတာပဲ။ ဒါက ခေါင်းဆောင်နဲ့ အဖွဲ့ကြား ဆက်ဆံရေးကွက်လပ်ကြောင့် ဖြစ်လေ့ရှိတာတွေပါ။
နောက်တချက်က ခေါင်းဆောင်နဲ့အဖွဲ့ကြားမှာ ဆက်ဆံရေးကွက်လပ်ကြီးရင် ဘေးက သပ်လျှိုဝင်လို့ လွယ်ပါတယ်။ ဆက်ဆံရေးကွက်လပ်ကြောင့် ခေါင်းဆောင်နဲ့အဖွဲ့ဝင်ကြားမှာ နားလည်မှုလွဲစေနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြိုင်ဘက်အဖွဲ့ကဖြစ်စေ၊ ရန်သူကဖြစ်စေ အသုံးချသွားတတ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ပြင်ပမှာ မဟာမိတ်ဆက်ဆံရေးတာဝန်တွေ၊ လူထုဆက်ဆံရေးတာဝန်တွေ သိပ်များတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအကြားမှာ ဒီဆက်ဆံရေးကွက်လပ်တွေ ပိုကြီးတတ်ပါတယ်။ စနစ်တကျနဲ့ မျှမျှတတ ပြန်ချိန်ညှိယူဖို့လိုအပ်ပါတယ်။ မိသားစုမှာတောင် ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ ဦးဆောင်နေသူတယောက်ဟာ ပြင်ပအလုပ်တာဝန်တွေများပြီး၊ ပြင်ပမှာပဲ အချိန်တွေ ပေးနေရလဲ အချိန်ကြာလာတဲ့အခါ မိသားစုထဲမှာ ဖရိုဖရဲဖြစ်တာလေးတွေ ရှိပါတယ်။ အဖွဲ့အစည်းတွေမှာလဲ အဲဒီအတိုင်းပါပဲ။ ခေါင်းဆောင်တွေဟာ ဒီကွက်လပ်ကို ဖြည့်နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
(၂) ခေါင်းဆောင်နှင့် မဟာမိတ်ဆက်ဆံရေးကွက်လပ်
ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်တွေဟာ မဟာမိတ်အဖွဲ့အစည်းတွေအကြားမှာလဲ ရေပန်းစားပါတယ်။ ဒါကို အသုံးပြုပြီး မဟာမိတ်ဆက်ဆံရေးကို စနစ်တကျ ထူထောင်ရမှာ ဖြစ်ပါတယ်။ မဟာမိတ်ဆက်ဆံရေးဆိုတာ အဖွဲ့တွေပေါင်းပြီး တပ်ပေါင်းစုတွေဖွဲ့လိုက်၊ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးလိုက်၊ ဟိုကနေဒီ ကူးလူးသွားလာလိုက် လုပ်နေတာနဲ့တင် ပြီးတာ မဟုတ်ပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို မထိခိုက်သရွေ့ အပြန်အလှန်နားလည်မှုနဲ့ တဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို တဖွဲ့က ပူးပေါင်းဆောင်ရွက်တာ၊ လိုအပ်တဲ့အကူအညီတွေ အပြန်အလှန်ပေးတာ၊ တူညီတဲ့ လုပ်ငန်းဆောင်တာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အဖွဲ့အစည်းတွေအကြား မဟာမိတ်ဆက်ဆံရေးတည်ဆောက်မှုကို ဧည့်သည်အနေနဲ့ တခြား ခေါင်းဆောင်ရဲ့ အဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံမှုတွေနဲ့ မကွဲမပြား ဖြစ်တတ်တာတွေ ရှိပါတယ်။
နာမည်ရှိနေတဲ့ ခေါင်းဆောင်ကို တခြားအဖွဲ့အစည်း ခေါင်းဆောင်တွေက ဖိတ်ခေါ်ချက်တွေရှိပါတယ်။ ဒါတွေဟာ မဟာမိတ်ဆက်ဆံရေးရဲ့ ကနဦးမို့ ဖိတ်ကြားချက်ကို လက်ခံရပါမယ်။ ဒီလိုနဲ့ သွားတွေ့တဲ့အခါ အဲဒီခေါင်းဆောင်တွေရဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ တွေ့ပါတယ်။ အိမ်ရှင်တွေက ဧည့်သည်ကို ဧည့်ဝတ်ကျေတာဟာ သဘာဝပါပဲ။ ဒါကို လွန်ကဲစွာ မသာယာမိဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအခြေအနေကိုကြည့်ပြီး ကိုယ့်ကိုတော့ ထောက်ခံနေသူတွေများလှချည်ရဲ့လို့ ထင်သွားရင် ပြဿနာစတက် ပါတော့တယ်။ တပ်ပေါင်းစု မဟုတ်ပဲ ဘယ်ခေါင်းဆောင်ကမှ ကိုယ့်အဖွဲ့ဝင်တွေကို ဦးဆောင်ပါတော့လို့ဆိုပြီး ထိုးအပ်မှာ မဟုတ်ပါ။ တပ်ပေါင်းစုအဆင့်ရောက်ဖို့ဆိုတာကလဲ အဆင့်ဆင့်အများကြီး လိုအပ်သေးတာပါ။ ဒီအချက်ကို မမြင်ပဲ သူတပါးအဖွဲ့က လူတွေကို ကိုယ့်လူတွေလို့ မြင်မိရင် ရှော့ခ်ဖြစ်တတ်ပါတယ်။ အဖွဲ့တခုနဲ့ တခုအကြား မဟာမိတ်ဆက်ဆံရေး ထူထောင်နိုင်မှု ခြေလှမ်းအထိ မတက်လှမ်းနိုင်ပဲ ကိုယ်နဲ့ တခြားအဖွဲ့ကြားက ဆက်ဆံရေးပဲ ဖြစ်သွားပါတယ်။ တကယ်တမ်း ဒီလူတွေက ကိုယ့်အင်အားစုတွေဖြစ်လာလားဆိုတော့လဲ မဖြစ်လာပါ။ မဟာမိတ်လဲမဖြစ်၊ တပ်ပေါင်းစုလဲ ဖြစ်မလာနဲ့ synergy လဲ မတက်ပဲ ဟိုသွား၊ ဒီသွား ရုပ်ပြပဲ ဖြစ်နေပါတော့တယ်။ ဒီရုပ်ပြအပေါ်မှာ အချိန်ပေးတာတွေ သိပ်များလာတဲ့အခါကျတော့ ကိုယ့်အဖွဲ့နဲ့ကွင်းဆက်ပြတ်မှုကလဲ ပိုများလာပါတယ်။ နောက်ပြန်လှည့်ကြည့်တော့ ဘယ်သူမှ မရှိတော့တာလဲ ဖြစ်တတ်ပါတယ်။ ရုပ်ပြမဟုတ်ပဲ မဟာမိတ်ဆက်ဆံရေးထူထောင်ဖို့၊ အဲဒီကနေမှ တပ်ပေါင်းစုအဆင့်တွေအထိ တက်လှမ်းဖို့ ကြိုးစားသင့်ကြပါတယ်။
အဖွဲ့အစည်းတခုတည်းတင်မကပဲ လှုပ်ရှားမှုတခုရဲ့ နိုင်ငံခြားဆက်ဆံရေးမှာလဲ ဒီအတိုင်းပါပဲ။ နိုင်ငံတကာကင်ပိန်းဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု၊ ဧည့်ဝတ်ကျေမှုတွေနောက် တကောက်ကောက်လိုက် သာယာရင်း၊ ကိုယ့်လူမျိုးတွေနဲ့ ကွင်းဆက်တွေပြတ်၊ တည်ဆောက်မှုနဲ့ ဆက်ဆံရေး ကွက်လပ်တွေကြီးလာရာက နိုင်ငံခြားဆက်ဆံရေး အခြေအနေပြောင်းသွားလို့ နောက်လှည့်ကြည့်လိုက်တော့ ကျောပဲရှိတဲ့ လှုပ်ရှားမှုတွေလဲ ရှိတတ်ပါတယ်။ ဒါတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်ဘာလဲ၊ ဘာလုပ်မှာလဲ ဆိုတာ သိဖို့က အရေးကြီးဆုံးပါ။
(၃) ခေါင်းဆောင်နဲ့ လူထုဆက်ဆံရေးကွက်လပ်
လူထုစည်းရုံးရေးခရီးစဉ်နဲ့ မဟာမိတ်တည်ဆောက်ရေး ခရီးစဉ်တွေကို တချို့က ကွဲကွဲပြားပြား မမြင်ပါဘူး။ မဟာမိတ်အဖွဲ့တွေနဲ့သွားတွေ့တာ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့တာဟာ လူထုစည်းရုံးရေးခရီးစဉ်လို့ မခေါ်ဆိုနိုင်ပါဘူး။ မြန်မာလူထုဟာ စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်ကို မကျေနပ်တာနဲ့ပဲ တော်လှန်ရေးအင်အားစုဖြစ်နေပြီလို့ တွက်ဆလို့မရပါဘူး။ တော်လှန်ရေးကို ထောက်ခံသူတွေဖြစ်နေပြီလို့ သတ်မှတ်လို့မရပါဘူး။ လူထုအကြားမှာ တော်လှန်ရေးအတွေးအခေါ်၊ တော်လှန်ရေးစိတ်ဓာတ်တွေ ရှင်သန်နိုးကြားလာအောင် တည်ဆောက်ယူရပါတယ်။ တော်လှန်ရေး တိုက်ပွဲပြင်းထန်နေချိန်မှာ figure တွေ ထွက်ကိုထွက်လာရမယ်၊ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေကို စင်တင်ပေးရမယ် ဆိုတာတွေက အမှန်တွေပါပဲ။ ဒါပေမယ့် figure သုံးပြီး၊ တော်လှန်ရေးလှုပ်ရှားမှုစတော့လို့ လူထုကို တိုင်မင်ပေးလို့တော့ ဘယ်တော့မှ ရမှာ မဟုတ်ပါ။ လူထုထဲမှာ တည်ဆောက်ထားတာ မဟုတ်ပဲ တိုင်မင်ခေါ်တဲ့ တော်လှန်ရေး လှုပ်ရှားမှု ဘယ်တော့မှ အချိန်ကြာကြာ တောင့်မခံနိုင်ပါ။ တည်ဆောက်မှုဟာ အလွန်ပဲ အရေးကြီးပါတယ်။
အခုမြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာကတော့ နှစ်နေရာမှာ တည်ဆောက်မှုလိုပါတယ်။ ပြည်တွင်းနဲ့ ပြည်ပပါ။ ပြည်ပမှာ မြန်မာတွေ သန်းနဲ့ချီရှိနေပါတယ်။ သူတို့တွေဟာ နေ့စဉ်နဲ့အမျှ ပြည်တွင်းနဲ့ အသွင်အမျိုးမျိုးနဲ့ ဆက်ဆံနေသူတွေပါ။ နှစ်စဉ် သွားလိုက်ပြန်လိုက် လုပ်နေတဲ့ ကျောင်းသားတွေ၊ ပြည်တွင်းနဲ့ ပြည်ပ လှည့်နေတဲ့ အလုပ်သမားလူတန်းစားတွေ သိန်းသန်းနဲ့ချီပြီး ရှိနေတာပါ။ မြန်မာတထောင်မှာ လုပ်ငန်းရှင် တယောက်ပဲရှိပါတယ်။ အားလုံးဟာ ပြည်တွင်းအခြေအနေအရ ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေကြရတဲ့ အလုပ်သမားတွေပါ။ ပြည်တွင်းတည်ဆောက်မှုမှာ အခက်အခဲအမျိုးမျိုး ရှိတယ်ထား၊ ပြည်ပမှာကော လူထုထဲမှာ ဘယ်လောက်အထိ တည်ဆောက်ထားသလဲ။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ လူဟောင်းတွေနဲ့လည်နေသလား၊ လူသစ်တွေ ပါလာသလား။ အနည်းဆုံးအဖွဲ့ဝင်မဟုတ်ရင်တောင် ဒေသဆိုင်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအပေါ်မှာကော သူတို့တွေက ထောက်ခံကြသလား။ ဘယ်လို ထင်မြင်ချက်ရှိကြသလဲ။ စည်းရုံးရေးခရီးစဉ်အမည်တပ်ပြီး ခရီးထွက်နေကြတဲ့ ခေါင်းဆောင်တွေကကော နဂိုရှိပြီးသားလူတွေနဲ့ပဲ တွေ့လိုက်ဆုံလိုက်၊ အစည်းအဝေးကျင်းပလိုက်၊ ငြင်းလိုက်ခုန်လိုက်တွေ လုပ်နေကြသလား (သို့မဟုတ်) သက်ဆိုင်ရာနယ်မြေက ကျောင်းသားခေါင်းဆောင်တွေ၊ လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူအများကို သြဇာလွှမ်းမိုးသူတွေနဲ့ တွေ့ဆုံဖို့ကိုကော ကြိုးပမ်းမှုတွေ ရှိသလား ဆိုတာတွေက ပြည်ပလူထုနဲ့ တော်လှန်ရေးအကြားက၊ ခေါင်းဆောင်တွေအကြားက ကွက်လပ်ကြီးငယ်ပမာဏကို ပြသနိုင်ပါတယ်။
ဒီနေရာမှာ လူတွေက ကြောက်နေလို့၊ မဆက်သွယ်ရဲကြဘူးလို့ ဆိုတတ်ကြပါတယ်။ လူတွေဟာ အကြောက်တရားကို အရေးပေါ်အချိန်တွေနဲ့ ခံပြင်းမှုတွေဖြစ်လာချိန်တွေမှာ ကျော်လွှား တတ်လေ့ရှိကြပါတယ်။ အမြင့်ကြောက်သူကလဲ မီးလောင်ချိန်မှာ ထွက်ပေါက်မရှိရင် ခုန်ချတာပဲ။ ကျောင်းစာမေးပွဲကြောက်သူတွေကလဲ အလုပ်ခွင်စာမေးပွဲကို ဖြေကြရတာပဲ။ ဒီလိုပဲ လူတွေဟာ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ ခေါင်းဆောင်တွေအပေါ် လေးစားမှုပေါ်မှာ မူုတည်ပြီးတော့လဲ အကြောက်တရားကို ဖယ်ရှားပြီး စွန့်စားလေ့ရှိကြတယ်။ ပြည်ပမှာ ရပ်ကွက်ထဲအထိ အာဏာရှင်စနစ်ရောက်နေတာ မဟုတ်ပါဘူး။ ဆန္ဒမှန်နဲ့ တော်လှန်ရေးအပေါ် ယုံကြည်ချက် ထွက်ပေါ်လာရင် ကျော်လွှားရတဲ့ အကာအရံတွေ သိပ်မများလှပါဘူး။ ဒီတော့ လူတွေကို ကြောက်တယ်ဆိုမယ့်အစား ဒီလူတွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုရအောင်ကော ကိုယ့်ဘက်က ဘယ်လောက်ပြင်ဆင်ထားခဲ့သလဲ၊ လူထုအတွင်းမှာ တော်လှန်ရေးအတွေးအခေါ်တွေ နိုးကြားလာအောင် ဘာတွေ လုပ်ပြီးပြီလဲဆိုတာ ခေါင်းဆောင်တွေ ကိုယ့်ဘာသာကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။
ပြည်တွင်းလူထုဆက်ဆံရေးအပိုင်းကတော့ ပြည်ပခေါင်းဆောင်နဲ့ ပြည်တွင်းလူထု၊ ပြည်တွင်း ခေါင်းဆောင်တွေနဲ့ ပြည်တွင်းလူထုအကြား ဆက်ဆံရေး တည်ဆောက်မှုတွေ ဖြစ်ပါတယ်။ ပြည်ပခေါင်းဆောင်နဲ့ ပြည်တွင်းလူထုအကြား ဆက်ဆံရေးကတော့ မီဒီယာကို အသုံးပြုပြီး တည်ဆောက်တာ များပါတယ်။ ဒီနေရာမှာ လူထုကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးမိဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ ယူဂျီများကနေ ရတဲ့ လူထုကြီးရဲ့ အခြေအနေကို သုံးသပ်ချက် စာတမ်းတွေအပေါ် အခြေခံပြီးမှ ကိုက်ညီမယ့်၊ လိုက်လျောညီထွေရှိမယ့် သတင်းစကားကို ပေးနိုင်ဖို့လိုပါတယ်။ မဖြစ်နိုင်တာတွေကို ငါ့စကားနွားရသွားပြောမိရင် လူထုက ယုံကြည်မှုလျော့ပါးသွားပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ တော်လှန်ရေးအန္တရာယ်ပါပဲ။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကို သူတပါးကို သွားပေးတာဟာ အဆိပ်သင့်စေနိုင်ပါတယ်။ မရှိဆင်းရဲသူကို မဟုတ်ကဟုတ်ကတွေရေးထားတဲ့ သိုက်စာသွားပေးတာနဲ့ တူပါတယ်။ စားစရာ မရှိပါဘူးဆိုမှ၊ ရွှေဒင်္ဂါးရမယ်၊ ညသန်းခေါင် တောထဲသွားပြီး သိုက်သွားတူး လို့ ဆိုတာမျိုးလိုပါပဲ။ လူထုကို မကူညီရင်နေပါ။ မနှောင့်ယှက်သင့်ပါ။
ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို ပြည်ပရောက်ပြီး မသိဘူးဆိုတာတွေက မဖြစ်နိုင်ပါ။ သံတမန် နည်းလမ်းတွေ မထိရောက်နိုင်ဘူးဆိုတာကလဲ စိတ်ဖောက်ပြန်နေတာမဟုတ်တဲ့ နိုင်ငံရေး သမားတိုင်း သိနိုင်ပါတယ်။ ဒါကို အမေရိကန်တပ်တွေပဲ ၀င်လာတော့မလိုလို၊ ကုလသမဂ္ဂက လုံခြုံရေးကောင်စီကြီးကပဲ မြန်မာပြည်ကြီးကို ကယ်တင်တော့မလိုလို၊ အိုင်စီစီကပဲ စစ်အုပ်စု ခေါင်းဆောင်တွေကို နေ့ချင်းညချင်း သေဒဏ်ပေးတော့မလို ပြောနေကြတာက မကောင်းပါ။ လူထုမှာလဲ မျှော်ရင်း၊ မျှော်ရင်းနဲ့ အချိန်တန်လို့ အော်သံတွေစဲသွားပြန်တော့ တော်လှန်ရေး မအောင်မြင်တာပဲ လူထုက ကြောက်နေလို့လိုလိုပြောရင်း နိဂုံးချုပ်သွားကြပြန်ပါတယ်။ မီဒီယာနဲ့ မဟုတ်ပဲ ယူဂျီ၊ ယူဂျီဆိုသူများကလဲ ယူဂျီအလုပ်ကို တကယ်လုပ်ပြီး တည်ဆောက်တဲ့ ယူဂျီအုပ်စုထားရှိဖို့ လိုပါတယ်။ သတင်းသမားယူဂျီနဲ့ တည်ဆောက်ရေးယူဂျီအသွင် သဏ္ဍာန်မတူပါ။ ကွဲကွဲပြားပြားရှိဖို့ လိုပါတယ်။ အချိန်မတန်ပဲ ကိုယ့်လူတွေ ပါမသွားအောင် အထူးဂရုစိုက်သင့်ပါတယ်။ ပြည်တွင်းခေါင်းဆောင်များနဲ့ လူထုအကြားဆက်ဆံရေးကတော့ တည်ဆောက်မှုအပိုင်း၊ ယုံကြည်လေးစားမှုအပိုင်းတွေအပြင် အခြေအနေအချိန်အခါနဲ့အညီ လျှို့ဝှက် ဆက်ဆံရေး အပိုင်းတွေ ပါတာမို့ အကျယ်မချဲ့လိုတော့ပါ။ လူထုရဲ့ အခြေအနေမှန်ကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရင် တော်လှန်ရေးတခုမှာ အဆုံးသတ်အောင်ပွဲတွေအတွက် ခေါင်းဆောင်တွေအဓိကကျပါတယ်။ ခေါင်းဆောင်ဆိုတာမှာ ရှိပြီးသားခေါင်းဆောင်တွေ ပါဝင်သလို၊ လှုပ်ရှားမှုမှာမှ ထွက်ပေါ်လာတဲ့ အရေးတော်ပုံ ခေါင်းဆောင်တွေလဲ ရှိပါတယ်။ အခုဆောင်းပါးကတော့ ရှိပြီးသား ခေါင်းဆောင်တွေအနေနဲ့ လိုအပ်နေတဲ့ ဆက်ဆံရေးကွက်လပ်တွေကို ဖြည့်ဆည်းဖို့ လိုအပ်လှပါကြောင်း လေးစားစွာ တိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။
ခင်မမမျိုး (၂၃၊ ၁၀၊ ၂၀၀၉)
နိုင်ငံရေးပညာ၊ လေ့လာစရာ (အခန်း ၁၊ အပိုင်း ၃)
Wednesday, October 21, 2009
နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုဖြစ်တယ်
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ပါဝါကျင့်သုံးမှုအနေနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ အကျယ်ပြန့်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ဒီအမြင်အရဆိုရင် နိုင်ငံရေးဆိုတာ လူမှုရေး လုပ်ငန်းဆောင်တာတွေအားလုံးနဲ့ ပတ်သက်တာကြောင့် လူသားတွေတည်ရှိမှုဖြစ်စဉ်ရဲ့ နေရာစုံ၊ ထောင့်ပေါင်းစုံမှာ နိုင်ငံရေးဆိုတာ တည်ရှိနေပါတယ်။ Adrian Leftwich ရေးသားတဲ့ နိုင်ငံရေးဆိုတာဘာလဲ ဆိုတဲ့စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ စုဝေးမှုအသွင်သဏ္ဍာန်ဆောင်တဲ့ လူမှုလှုပ်ရှားမှုအားလုံးရဲ့ အသည်းနှလုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီရှုထောင့်ကကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတာ နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်တွေမှာတင်မကပဲ လူမှုရေးဆက်စပ်မှုရှိတဲ့ မိသားစုတွင်းမှာ၊ မိတ်ဆွေသူငယ်ချင်းအုပ်စုတွေအတွင်းမှာပါ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးဆိုတာ လူမှုစနစ် ဖြစ်တည်မှုဖြစ်စဉ်ရဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ အရင်းအမြစ်အသုံးပြုမှုအားလုံးနဲ့ သက်ဆိုင်လာပါတယ်။ ဒါပေမယ့် အရင်းအမြစ်ဆိုတာက ရှားပါးပြီး၊ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကကျတော့ အဆုံးအစ မရှိပါဘူး။ ဒါကြောင့်လဲ ရှားပါးတဲ့အရင်းအမြစ်တွေကို ရယူပိုင်ဆိုင်မှုတွေအတွက် ရုန်းကန်လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီလိုရုန်းကန်လှုပ်ရှားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဟာ ပါဝါ ကျင့်သုံးမှုတွေ ပါဝင်လာပါတယ်။
ဒီနေရာမှာ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ မောင်ခခွေး က သူ့ဘာသာသူ ပြုလုပ်မှာမဟုတ်တဲ့ အလုပ်တစုံတရာကို မောင်ကကြီးက လုပ်စေနိုင်တယ်ဆိုရင် မောင်ကကြီးက မောင်ခခွေးအပေါ် ပါဝါကျင့်သုံးမှု ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒီတော့ မောင်ခခွေးအပေါ် မောင်ကကြီးက ဘယ်လိုသဏ္ဍာန်တွေနဲ့ လွှမ်းမိုးမှု လုပ်နိုင်မလဲ။ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုဖြစ်တဲ့ ပါဝင်ကျင့်သုံးသူ လိုလားတဲ့ ဆုံးဖြတ်ချက်ချမှတ်စေခြင်း၊ အတွေးအခေါ်အရထိန်းချုပ်ခြင်း၊ agenda ချပေးခြင်း စတာတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်စေခြင်းဆိုတာက သူတပါးရဲ့ ဆုံးဖြတ်ချက်ချမှတ် လုပ်ကိုင်ဆောင်ရွက်မှုတွေထဲမှာ ကိုယ်လိုချင်တဲ့အကြောင်းအရာတွေ ပါဝင်လာအောင် လွှမ်းမိုး ချုပ်ကိုင်မှုဖြစ်ပါတယ်။ Three Faces of Power (1989) စာအုပ်ထဲမှာ စာရေးသူ Keith Boulding က နိုင်ငံတနိုင်ငံ (သို့) လူတဦးရဲ့ ဆုံးဖြတ်ချက်တွေကို တခြားနိုင်ငံတနိုင်ငံ၊ လူတဦးက လွှမ်းမိုးတဲ့အခါမှာ အင်အားအသုံးပြုခြင်း၊ သစ္စာစောင့်သိစေခြင်း၊ အပြန်အလှန်အကျိုးစီးပွား ဖန်တီးညှိနှိုင်းခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြကြောင်း ရေးသား တင်ပြခဲ့ပါတယ်။
ပါဝါကျင့်သုံးမှုရဲ့ နောက်ထပ်မျက်နှာစာတခုကတော့ အတွေးအခေါ်အရ ထိန်းချုပ်မှုဖြစ်ပါတယ်။ ဒီမျက်နှာစာမှာ ပါဝါကျင့်သုံးသူဟာ အင်အားအသုံးပြုမှုတွေ၊ သစ္စာစောင့်သိစေရန် ကြိုးပမ်းမှုတွေ ပြုလုပ်တာမဟုတ်ပဲ လူသားတွေရဲ့ တွေးခေါ်စဉ်းစားမှု၊ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေကို ပုံဖော်လွှမ်းမိုးတာဖြစ်ပါတယ်။ စစ်ပွဲတွေ၊ နိုင်ငံရေးရာတွေမှာ ၀ါဒဖြန့်ချိရေးပြုလုပ်တာဟာ ဒီမျက်နှာစာကို အသုံးပြုပြီး ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ လှုပ်ရှားတက်ကြွသူတွေဟာ မိမိရဲ့ရပ်တည်ချက်၊ ရန်သူရဲ့ ၀ါဒဖြန့်ချိရေး သတင်းအချက်အလက် တွေကို အမြဲချိန်ဆပြီး မိမိကိုယ်ကို ဆန်းစစ်ဝေဖန်မှု ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ တဘက်ရန်သူရဲ့ ၀ါဒမှိုင်းလုံးတွေ မိမိရဲ့အင်အားစုနဲ့ အမာခံတွေအပေါ်မှာ သက်ရောက်မှုမရှိအောင် တန်ပြန်ဝါဒဖြန့်ချိရေးအစီအစဉ်တွေ ပြုလုပ်ရပါမယ်။
ဒီနေရာမှာ စာနယ်ဇင်းသမားကျင့်ဝတ်နဲ့ ၀ါဒဖြန့်ချိရေးသမားကျင့်ဝတ် မတူပါဘူး။ စာနယ်ဇင်းသမားက ဖြစ်စဉ်တရပ်ပေါ်မှာ ရှုထောင့်မျိုးစုံကနေ တင်ပြရပါတယ်။ ၀ါဒဖြန့်ချိရေးသမားက မိမိရဲ့ ရပ်တည်ချက် ရှုထောင့်ကနေ တင်ပြရပါတယ်။ ဖြစ်ရပ်တွေမှာ တခုထက်ပိုတဲ့ အမှန်တရားတွေ ရှိနေတတ်ပါတယ်။ ဘယ်အမှန်တရားကို ဘယ်သူတွေကို ကိုယ်စားပြုပြီး ဒီဖြစ်စဉ်ကို တင်ပြမှာလဲဆိုတာက ရပ်တည်ချက်နဲ့ ဆိုင်လာပါတယ်။ ဥပမာ- စစ်ခေါင်းဆောင်တွေက အမိန့်ပေးတဲ့အတွက် ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်မှုဖြစ်စဉ်တခုဖြစ်ပွားပြီဆိုပါစို့။ စစ်သားတွေက စစ်မိန့်ကို နာခံတာ၊ ပြည်သူတွေက သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်တာ၊ ပြည်သူတွေ ဒီကို ဆန္ဒဖော်ထုတ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းစတဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။ ဒါကို စစ်အာဏာရှင်ဘက်က ၀ါဒဖြန့်ချိတဲ့အခါ ဆန္ဒပြတဲ့ ပြည်သူတွေကို အဖျက်သမားတွေအနေနဲ့ ပြောမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သာယာယစ်မူးနေတဲ့ ရာထူးစည်းစိမ်တွေ ပျက်စီးသွားမှာကို ပူပန်စိုးရိမ်စိတ်ကြောင့်ပါ။ စစ်မိန့်နာခံတဲ့ စစ်သားတွေကို သစ္စာစောင့်သိတဲ့ သူရဲကောင်းတွေအနေနဲ့ ပုံဖော်မှာ ဖြစ်ပါတယ်။ ဒါမှလဲ သူတို့ရဲ့ အာဏာရှင်စနစ်ကို ကာကွယ်ပေးသူတွေ အများအပြားထွက်ပေါ်လာမှာဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်မိန့်မနာခံသူတွေ၊ လူထုနဲ့ ပူးပေါင်းသူတွေကို တပ်ပြေးတွေ၊ သစ္စာဖောက်တွေအနေနဲ့ ပုံဖော်မှာဖြစ်ပါတယ်။ ဒါမှလဲ တပ်တွင်းပုန်ကန်မှုတွေ၊ လူထုနဲ့ စစ်တပ် တသားတည်းဖြစ်သွားမှုတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါက စစ်တပ်ဘက်က ၀ါဒဖြန့်ချိရေးသဏ္ဍာန်ပါ။
ဒါကို လူထုဘက်က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေဘက်က ၀ါဒဖြန့်ချိရေးမှာကျတော့ စစ်အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ပြမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို သစ္စာမခံပဲ လူထုကို ဖိနှိပ်တဲ့ အာဏာရှင်တွေအပေါ် သစ္စာစောင့်သိတာကို ရှုံ့ချပါတယ်။ ဝေဖန်ပြောဆိုပါတယ်။ ပြည်သူလူထုနဲ့ တသားတည်းဖြစ်လာတဲ့ ဘက်ပြောင်း တပ်မတော်သားတွေကို သူရဲကောင်းတွေအဖြစ် ပုံဖော်မှာဖြစ်ပါတယ်။ ဒါမှလဲ လူထုကို ကာကွယ်ပေးတဲ့ တပ်သားတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဒါက တော်လှန်ရေး သမားတွေဘက်က ၀ါဒဖြန့်ချိရေးသဏ္ဍာန်ပါ။
ဒါကို စာနယ်ဇင်းသမားတွေကကျတော့ ကိုယ်လုပ်နေတဲ့ စာနယ်ဇင်း၊ သတင်းဌာနရဲ့ ရပ်တည်ချက်အပေါ် အခြေခံပြီး တင်ပြပုံ၊ တင်ပြနည်းကွာပြန်ပါတယ်။ တချို့ကဆိုကြပါတယ်။ စာနယ်ဇင်းသမားမို့ ဘက်မလိုက်ဘူးဆိုတဲ့အချက်။ ဘယ်စာနယ်ဇင်း၊ သတင်းမီဒီယာမှာမဆို ရပ်တည်ချက်၊ ကျင့်ဝတ်၊ စည်းကမ်းတွေ ရှိပါတယ်။ ဒီကျင့်ဝတ်၊ စည်းကမ်းတွေက အခြေခံထားတဲ့ စည်းမျဉ်းတွေ၊ အိုင်ဒီရော်လော်ဂျီတွေအားလုံး တပုံစံတည်း မဟုတ်ပါဘူုး။ ဒါကြောင့် လုံးဝ ဘက်လိုက်မှုကင်းတယ်ဆိုတဲ့ အချက်ဟာ ဖြစ်နိုင်စရာ မရှိပါဘူး။ အချက်အလက်ကို ရာနှုန်းပြည့်နီးပါး ဦးစားပေးရတဲ့ သတင်းတွေမှာတောင် သတင်းဌာနတခုနဲ့ တခု တင်ပြပုံ မတူပါဘူး။ ဒီတော့ သတင်းမဟုတ်တဲ့ တခြားအကြောင်းအရာတွေ တင်ပြမှုမှာ ရပ်တည်ချက်ကို ရာခိုင်နှုန်း အတိုင်းအတာတခုအထိ ကိုင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ သမိုင်းဆရာအနေနဲ့ တင်ပြမှု၊ သုံးသပ်လေ့လာသူအနေနဲ့ တင်ပြမှု၊ တော်လှန်ရေး ဘက်တော်သား စာနယ်ဇင်းသမားတယောက်အနေနဲ့ တင်ပြမှု၊ အာဏာရှင်ဘက်တော်သား စာနယ်ဇင်း သမား တယောက်အနေနဲ့ တင်ပြမှု၊ ပညာရှင်တယောက်အနေနဲ့ အကြောင်းနဲ့ အကျိုးတင်ပြမှု စတာတွေအားလုံးမှာ ရပ်တည်ချက် ရာခိုင်နှုန်း အနည်းအများကို ဆုပ်ကိုင်ထားဖို့ လိုပါမယ်။ မဟုတ်ရင် ဟိုခုန်ဒီခုန်နဲ့ မျောက်သစ်ကိုင်းလွတ်လို ဖြစ်နေတတ်ပါတယ်။ ဒီလို ရပ်တည်ချက်တွေမှာ ပြည်သူလူထုဘက်က ရပ်တည်မှာလား၊ အာဏာရှင်ဘက်က ရပ်တည်မှာလား၊ အဖိနှိပ်ခံလူတန်းစားတွေ ဘက်က ရပ်တည်မှာလား၊ ဘူဇွာ လူတန်းစားတွေဘက်က ရပ်တည်မှာလား၊ ထမင်းတနပ်အတွက် လှေကြုံစီးမှာလား၊ ရေတပေါက် သောက်ပြီး ရေဆန်ကို လှော်တက်မှာလား ဆိုတာတွေကတော့ လူ့သိက္ခာ၊ လူ့တန်ဖိုးတွေနဲ့ပဲ ဆိုင်တဲ့ ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။
ပါဝါနဲ့ ပတ်သက်တဲ့ နောက်ထပ်မျက်နှာစာ တခုကတော့ agenda ချမှတ်ပေးမှုပါ။ နိုင်ငံရေး အဖွဲ့အစည်းတခုကိုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံကိုပဲဖြစ်ဖြစ်၊ လူတယောက်ကိုပဲဖြစ်ဖြစ် ချမှတ်သင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ပါဝါကျင့်သုံးပြီး လွှမ်းမိုးမှုဖြစ်ပါတယ်။ ဒီနည်းလမ်းကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှာ အသုံးပြုကြပါတယ်။ political agenda တွေမှာ ကိုယ့်အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့ မရအောင် ထိန်းချုပ်လို့ ရတဲ့ ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ အချိန်မှီဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို အချိန်မမှီအောင် ပြုလုပ်တာ၊ အရေးကြီးကိစ္စတခုဖြစ်ပွားနေချိန်မှာ တခြားအများစိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေနဲ့ လမ်းလွှဲတာ၊ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ဦးတည်ချက်လမ်းကြောင်းတွေကို လွှဲပေးတာတွေဟာ ဒီပါဝါကျင့်သုံးမှု မျက်နှာစာမှာ အကျုံးဝင်ပါတယ်။
နိုင်ငံရေးဆိုတာ ပါဝါနဲ့ ပတ်သက်တယ်ဆိုတဲ့ ရှူထောင့်ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အများအပြားက ထောက်ခံကြပါတယ်။ အစဉ်အလာဓလေ့ထုံးစံတွေက အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန် ဆိုတာ အိမ်မှုကိစ္စတွေအနေနဲ့ သတ်မှတ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားတတ်ကြပါတယ်။ အမျိုးသားတွေကသာ ပြင်ပကမ္ဘာမှာ လှုပ်ရှားနေရသူများဖြစ်တဲ့အတွက် နိုင်ငံရေး ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ဒီထုံးတမ်းစဉ်လာတွေကို အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင်ပြီး “ကိုယ်ရေးကိုယ်တာဟာလဲ နိုင်ငံရေးဖြစ်တယ်“ လို့ ကြွေးကြော်ခဲ့ကြပါတယ်။ မိသားစုဘ၀၊ တဦးချင်းဘ၀ရဲ့ အခြေအနေဆိုတာတွေဟာ နိုင်ငံရေးစနစ်တွေ၊ လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှုကို ခံစားကြရစမြဲဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ မိသားစုဘ၀နဲ့ ဆက်စပ်နေတယ်လို့ သူတို့ကဆိုကြပါတယ်။
Sexual Politics (1969) စာအုပ်ထဲမှာ စာရေးသူ Kate Millet က နိုင်ငံရေးဆိုတာ လူအုပ်စုတခုကနေ တခုကို ချုပ်ကိုင်ထားတဲ့ အစီအမံတွေဖြစ်တာကြောင့် မိသားစုဘ၀တွေမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ၀င်ငွေအရ၊ ထုံးတမ်းစဉ်လာအရ၊ စာပေအကိုးအကားတွေအရ နိမ့်ကျသူတွေအဖြစ် မိမိကိုယ်မိမိ လက်ခံလာအောင် ပြုလုပ်ထိန်းချုပ်ထားတာတွေကို နိုင်ငံရေးအနေနဲ့ သတ်မှတ်နိုင်ကြောင်း ရေးသားထားခဲ့ပါတယ်။ မ၀ါဒီတွေက နိုင်ငံရေးဆိုတာ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်တယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ်။ သူတို့အမြင်အရ အိမ်ထောင်ဘက်နှစ်ဦးအကြားက ဆက်ဆံရေး၊ မိဘနဲ့ သားသမီးဆက်ဆံရေး၊ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေး၊ အစိုးရနဲ့ နိုင်ငံသူနိုင်ငံသားအကြားက ဆက်ဆံရေးစတာတွေမှာ ပါဝါကျင့်သုံးမှုတွေ အပြန်အလှန်ရှိနေတာကြောင့် ဒါတွေကို နိုင်ငံရေးအဖြစ် ယူဆနိုင်ပါတယ်။
ဒါကြောင့်နိုင်ငံရေးဆိုတာ စကားလုံးရဲ့ အနက်အဓိပ္ပာယ်မှာတင် အလွန်ကို ကျယ်ဝန်းနက်နဲတဲ့ စကားလုံးတခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုနက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင်လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ်တွေမှာတုန်းကတော့ နိုင်ငံရေးကို ပညာရပ်တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲတခုအနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေခံစည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင်ငံရေးကို ဒဿနိကဗေဒရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေမှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။ ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မေးခွန်းတွေ (normative questions) အများအပြားပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ- ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့ Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှုဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ်လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism ၀ါဒထွန်းကားလာရေးဆီကို ဦးတည်သွားပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်းတိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ်နိုင်ခဲ့တဲ့ Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလတွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံလေ့လာရေးစာစောင် ထွက်ပေါ် လာပါတယ်။ (၁၉၅၀-၆၀) ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေးလေ့လာမှုတွေ အားကောင်း လာပါတယ်။ David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံနည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူအသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆိုထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသနနည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေးလေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ- မဲပေးမှုပြုမူဆောင်ရွက်ပုံတွေ၊ တရားရေးရာပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူဆုံးဖြတ်ပုံ စတာတွေမှာ ဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေတည်ဆောက်ရမယ်ဆိုတဲ့ ယုံကြည်မှု (Behaviouralism) ဟာ (၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလတွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်းစတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှုသီအိုရီ (public-choice theory) ၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အခြေခံထားတာဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြပါတယ်။ နိုင်ငံရေးလေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်းလာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ်တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြားခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သဘောတရားတွေကို ဦးစားပေးစဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထားတဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူတယောက်ဟာ နိုင်ငံရေးသဘောတရားတွေ (political concepts) နိုင်ငံရေးသီအိုရီတွေ (political theories) နိုင်ငံရေးမော်ဒယ်တွေ (political models) အတွေးအခေါ်အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၁၊ ၁၀၊ ၂၀၀၉)
ကျွန်မ၏ ဆရာများ
Tuesday, October 6, 2009
ကမ္ဘာ့ဆရာများနေ့ဖြစ်တဲ့ အောက်တိုဘာလ (၅) ရက်နေ့ ။
ဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျွန်မ ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ မြို့နယ်ကောင်စီ၊ မိသားစုလေ့လာသင်ယူရေး ကော်မတီရဲ့ လစဉ်အစည်းအဝေး ရှိနေခဲ့ပါတယ်။ ဒါကြောင့်လဲ ညနေပိုင်း အိမ်ပြန်ရောက်တာနဲ့ သားလေးကို မုန့်ကျွေးပြီး အစည်းအဝေးကို ပြန်ထွက်ခဲ့ပါတယ်။ ကျွန်မတို့ ကော်မတီလေးမှာ အမျိုးသမီးလေး၊ ငါး၊ ခြောက်ယောက်ပဲ ပါဝင်တာ ဆိုပေမယ့် အလုပ်က အများသား။ ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ အဆိုအမိန့်လေးတွေ ရှိပါတယ်။ “သန်းရှာအတင်းတုပ်၊ မိန်းမအလုပ်“ ဆိုတဲ့ စကား။ ဒီအဆိုအမိန့်တွေဟာ အမျိုးသမီးတွေရဲ့အရည်အချင်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြက်ရယ်ပြုတာပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ အမျိုးသမီးအနည်းငယ် စုပေါင်းပြီး တလမှာ တခါ နှစ်နာရီကြာ စုဝေးစည်းဝေးတာ၊ ခြောက်နာရီကြာ အချိန်ပေးပြီး အလုပ်တာဝန်တွေ ခွဲဝေယူဆောင်ရွက်တဲ့ ရလာဒ်ဟာ အခုနှစ်နှစ်အတွင်းမှာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်း၊ ပညာအခြေခံနည်းသူ မိဘများအတွက် သားသမီးတွေရဲ့ အိမ်စာကို ကူပေးနိုင်ဖို့ ပို့ချတဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာသင်တန်း၊ အိမ်ရှင်မ မိခင်တွေ တချိန်မှာ သားသမီးတွေ ကြီးလာတဲ့အခါ အလုပ်ခွင်ဝင်ဖို့ အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးတဲ့ သင်တန်း၊ အချိန်အခါနဲ့အလိုက်ကျင်းပတဲ့ ကလေးသူငယ် ပျော်ပွဲရွှင်ပွဲ စတာမျိုးလေးတွေ တစတစ ပေါ်ထွက်လာနေခဲ့ပြီ ဖြစ်ပါတယ်။ အသားအရောင်၊ ဘာသာစကား၊ မွေးဖွားဇာတိ မတူကြပေမယ့် တူညီတဲ့ ရည်မှန်းချက်၊ တူညီတဲ့ ပန်းတိုင်ကို ကိုင်စွဲပြီး ရေသာမခို၊ အချိန်အလဟဿ အဖြစ်မခံပဲ ကိုယ်လုပ်စရာရှိတာကို စေတနာထား လုပ်ကိုင်ကြတာကြောင့် လုပ်ငန်းကြီးတွေရဲ့ အလှူငွေတွေလဲ တိုးတိုးပွားပွား လက်ခံရရှိလာပါတယ်။ ဒါကြောင့်လဲ တချိန်မှာ social enterprise အထိ ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လစဉ်အစည်းအဝေးတိုင်းကို မပျက်ကွက်အောင် ဂရုတစိုက်နဲ့ ကျွန်မတက်နေမိခဲ့ပါတယ်။ မွေးဖွား ခဲ့တဲ့ အမိမြေ မဟုတ်ပေမယ့်လဲ ဒီမြို့လေးဟာ ကျွန်မကို အရိပ်ခိုခွင့်ပေးထားတဲ့ မွေးစားမြို့လေး။ ဒီမြို့ရဲ့ ရပ်ရေးရွာရေး ဟာ မြို့တွင်းမှာ နေထိုင်သူအားလုံးရဲ့ အရေးပဲလို့ ကျွန်မခံယူမိတယ်။ ခေတ္တနားခိုရာ မြို့လေးဖြစ်တဲ့ ဒီမြို့လေးကိုတောင် ဒီလောက် သံယောဇဉ် ကြီးမိတဲ့ ကျွန်မ။ မွေးဖွားကြီးပြင်း၊ ပညာရည်နို့သောက်စို့ခဲ့ရတဲ့ မြို့လေးကိုဆိုရင်တော့ လွမ်းလိုက်ပါဘိ။ တခါတရံများ အိပ်မက်တွေထဲအထိ မြို့လေးက အလည်ရောက်လာတတ်တယ်။ ဒီအလွမ်းဓာတ်ခံလေးကို ဆွပေးခဲ့တာကတော့ ကျွန်မတွေ့ခဲ့ရတဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် e-card လေးပါ။ ကော်မတီဝင်တယောက်ဖြစ်တဲ့ ရှိုနာက ဂျီစီအက်စ်အီးသင်တဲ့ ဆရာမ။ သူက သူ့ကွန်ပျူတာထဲက ကတ်လေးကို ကျွန်မကို ပြတယ်။ သူ့တပည့်လေးတယောက်က ပို့ပေးတာဆိုပဲ။ သူလဲ သူ့ secondary school က ဆရာတချို့ရဲ့ အီးမေးလ်တွေဆီ ညကျရင် ပို့ပေးဦးမယ်တဲ့။ ကျွန်မကိုကော မပို့ဖူးလားမေးတယ်။ ပို့ချင်တယ်။ ဖြစ်နိုင်ရင် ပို့ရုံတောင် မဟုတ်ဘူး။ လူကိုယ်တိုင်ကို သွားပြီး Respect ပေးချင်တာပါလို့ ပြောလိုက်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေ မလုပ်နိုင်ခင်မှာ ကျွန်မလုပ်နိုင်တာကတော့ ဒီစာစုလေး ရေးတာပဲ ထင်ပါရဲ့။
(၁)
“ခင်မမမျိုး။ အိမ်က ကားမပါဘူးလား“
ရုတ်တရက် လိုင်းကားပေါ်မှာ တွေ့လိုက်ရလို့ အံ့သြဟန်နဲ့ ဆရာမက မေးတယ်။ ကျွန်မကလဲ ဆရာမနဲ့ မမျှော်လင့်ပဲ တွေ့လိုက်ရလို့ အဖြေရခက်သွားတယ်။ ကျွန်မဘေးမှာက ကျွန်မရဲ့ ချစ်သူ။ ကားမောင်းသမားကို ဈေးမှာရပ်ခိုင်း၊ ဈေးဝယ်မယ်ဆိုပြီး စောင့်ခိုင်း၊ ဈေးရဲ့ တခြားအပေါက်ကနေ ထွက်ပြီးမှ ချစ်သူနဲ့ လျှောက်လည်ရတဲ့ ကျွန်မအခြေအနေကို ဆရာမကို ဘယ်လို ပြောရပ။ ဒီကာလက တက္ကသိုလ်တွေ အားလုံးပိတ်ထားတဲ့ ကာလ။ ကျွန်မအတွက်ဆိုရင်တော့ ဘ၀ပင်လယ်ကြီးကို လှေငယ်တစင်းနဲ့ လှော်ထွက်ပြီး အရာရာကို စူးစမ်းနေတဲ့ ကာလ။
“ဟို- ကားမောင်းသမား အလုပ်ထွက်သွားလို့ပါ ဆရာမ။ အသစ်ရှာနေတာ“
“သြော်- ကားမောင်းသမား မရှိလို့လား။ ဟုတ်တယ်။ အခုအချိန်ကလဲ ကားမောင်းသမားတွေ ရှားတယ်။ ဒါနဲ့ သမီး အမေကော နေကောင်းလား“
“ကောင်းပါတယ်ရှင့်“
“ဆရာမနှုတ်ဆက်တယ်ပြောပေးနော်“
ပြန်ပြောဖြစ်မှာ မဟုတ်မှန်းသေချာပေမယ့် ကျွန်မ အလိုလို ခေါင်း ညိတ်မိသွားတယ်။
“မှတ်တိုင်ရောက်ပြီညီမလေး။ ဆင်းရအောင်“
ဘေးက ချစ်သူက ဆရာမကိုလဲ ခေါင်းညိတ်နှုတ်ဆက်ရင်း ကျွန်မကို လှမ်းပြောတာမို့ ဆရာမကို နှုတ်ဆက်လိုက်မိတယ်။ အမြန်ယာဉ်ငယ်လိုင်းကား နောက်ခန်းကနေ ချစ်သူကမ်းပေးတဲ့ လက်ကို အားပြုရင်း ခုန်ဆင်းလိုက်တဲ့ ကျွန်မကို ဆရာမ လှမ်းကြည့်ပြီး ကျန်ရစ်နေမလား။ သူ့တပည့်မတယောက်တောင် အရွယ်ရောက်ပြီး ဘ၀အဖော်ရှိနေပြီပဲ လို့ တွေးနေမလား။ ကျွန်မမသိ။ ဒီတုန်းကတော့ ဘ၀ဆိုတာ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာမှာပဲလို့ မျှော်လင့်ခဲ့မိတာမို့ တချိန် မင်္ဂလာဆောင်တဲ့အခါ ဆရာမကို ဖိတ်ရမယ်လို့တောင် တွေးလိုက်မိသေး။ ဘာပဲဖြစ်ဖြစ် မဖြစ်သာလို့ လိမ်ပြောခဲ့ရတာကို ခွင့်လွှတ်ပါလို့တော့ ရင်ထဲက တောင်းပန်ခဲ့မိတာ အသေအချာပါ။
သူငယ်တန်းဆရာမဖြစ်တာမို့ စာသင်ခန်းအတွေ့အကြုံလေးတွေကိုတော့ မမှတ်မိတော့ပါဘူး။ ငယ်ဘ၀က ဆရာမနဲ့ ပတ်သက်ပြီး တခုတော့ မှတ်မိနေသေးတယ်။ ငယ်ငယ်တုန်းက ကျွန်မအဖိုးက ကျွန်မကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွေ အမြဲပြောပြတတ်တယ်။ ဒီအထဲမှာ ကေအင်ဒီအိုတို့၊ အင်းစိန်တိုက်ပွဲတို့တွေလဲ ပါတယ်။ ကျွန်မအတွက် အိယ်ယာဝင်ပုံပြင်ဆိုတာတွေက မားဂရက်သက်ချာတို့၊ ဂိုဘာချော့တို့တွေ။ ဒီတော့ ကျွန်မက အဖိုးကို ကေအင်ဒီအို ဆရာမနဲ့ စာသင်ရတယ်လို့ ဆိုဖူးသတဲ့။ အရွယ်ငယ်သေးတော့ လူမျိုးနဲ့ အဖွဲ့အစည်းတွေကို ကျွန်မကွဲကွဲပြားပြား သိဦးမှာ မဟုတ်။ အခု ကျွန်မရဲ့ သားလေး သုံးလေးနှစ်ကျရင်တော့ ဘာတွေ ပြောမယ်မသိ။ ကျွန်မအဲဒီအရွယ်တုန်းကတော့ အိမ်လာတဲ့ ဧည့်သည်တွေကို စစ်အေးတိုက်ပွဲတွေအကြောင်း၊ အိုင်အာအေအကြောင်း ပြောပြီး ဧည့်ခံတယ်လို့ အဖွားက ပြန်ပြောပြဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကေအင်ဒီအို ဆရာမလို့ ကျွန်မအမည်သတ်မှတ်ခဲ့ဖူးတဲ့ ရိုးသားအေးဆေးတဲ့ ကရင်အမျိုးသမီး ဆရာမ ဒေါ်နော်ထူးဆေးကို ဒီစာလေးနဲ့ ဂါရ၀ပြုမိပါတယ်။
(၂)
တတန်းရောက်တော့ ကျွန်မရဲ့ အတန်းပိုင်ဆရာမက ရှမ်းလူမျိုး ဒေါ်စ၀်သိန်းကြည်။ ဆရာမနဲ့ ပတ်သက်ပြီး နာမည်က လွဲလို့ တိတိပပ မမှတ်မိပေမယ့်၊ အရွယ်ရောက်လာပြီးနောက်ပိုင်း ရှင်ပြုနားသပွဲတွေ၊ မင်္ဂလာ အခမ်းအနားတွေမှာ တခါတရံ ဆရာမနဲ့ ဆုံမိတတ်တယ်။ ငယ်ငယ်တုန်းက အက်စ်အက်စ်အေ ဆရာမလို့များ အဖိုးကို ပြန်ပြောမိခဲ့သလားလို့တော့ သံသယဖြစ်မိသား။ ဆယ်တန်းအောင်ပြီး ငယ်ငယ်တုန်းက စာအုပ်ဟောင်း သေတ္တာတွေ ရှင်းရင်းနဲ့ ဗလာစာအုပ်တခုကို တွေ့မိတယ်။ စာအုပ်ထဲမှာက အဲဒီခေတ်ကာလ စစ်ဆင်ရေးတွေတုန်းက မြေပုံတွေပါတဲ့ သတင်းစာဟောင်းတွေ ဖြတ်ညှပ်ကပ်ထားတာ။ ကြူကုတ်-ပန်ဆိုင်း၊ ပါဂျို-နားဖော့၊ ဘုရားသုံးဆူ၊ မိုးဟိန်းစစ်ဆင်ရေး စတဲ့ စာလုံးလေးတွေကိုလဲ ကလေးလက်ရေးလေးတွေနဲ့ တွေ့ရတယ်။ ကျွန်မငယ်စဉ်ဘ၀မှာ ဒါတွေကို ဘာကြောင့် စိတ်ဝင်စား ခဲ့မိပါလိမ့်။ စဉ်းစားလို့ မရဘူး။
ကျွန်မရဲ့ နှစ်တန်းဆရာမကကျတော့ အင်းသားဆရာမ ဒေါ်ခင်ခင်စိုး။ ဆရာမနဲ့ ပတ်သက်ပြီး သိပ်မမှတ်မိပေမယ့် အရမ်းထက်ပြီး စည်းကမ်းကြီးတဲ့ ဆရာမတယောက်အနေနဲ့ စိတ်ထဲက ခံစားလို့ ရနေခဲ့တယ်။ ဆရာကန်တော့ပွဲမှာ စကားများလို့ဆိုပြီး ကျွန်မနဲ့ တခြားနှစ်ယောက် အရိုက်ခံခဲ့ရတာကိုလဲ မှတ်မိတယ်။ ကျွန်မဘ၀မှာ ပထမဆုံး အရိုက်ခံခဲ့ရဘူးတာ ဖြစ်လိမ့်မယ်။ ဆရာမကနောက်ပိုင်းမှာ ကျောင်းအုပ်ကြီး ရုံးခန်း ဆရာမဖြစ်တာမို့ ရုံးခန်းရောက်တိုင်း ကျွန်မနဲ့ အမြဲ တွေ့ရတယ်။ တကျောင်းလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဆရာမကြီးကို ကျွန်မစိတ်ထဲ ကြောက်စိတ်မ၀င်မိပဲ ဆရာမနဲ့ အ၀င်ဝမှာ တွေ့ရတာကို စိတ်ထဲ ရှိန်နေမိခဲ့တာတော့ ဘာကြောင့်လဲ မသိ။
ကျွန်မသုံးတန်းရောက်တော့ ဆရာမက ဒေါ်အုန်းကြည်။ ညနေကျောင်းဆင်းရင်း ဆရာမဆီမှာ ကျူရှင်သွားတက်ကြရတာလဲ မှတ်မိနေသေးတယ်။ မှတ်မိဆို ဒီလိုကျူရှင်တက်ရတာနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ ကျွန်မမိသားစုနဲ့ သဘောထားကွဲလွဲခဲ့ဖူးတာကိုး။ ဆရာမအိမ်က ကျောင်းနဲ့ ငါးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။ ဒါပေမယ့် ကျွန်မအိမ်က မရဘူး။ ညနေကျောင်းဆင်းချိန်ကို တကူးတက လာကြိုပြီး၊ ဒီငါးမိနစ်ခရီးကို ကားနဲ့ ပို့တယ်။ ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသားတွေက အများကြီး။ လူစဲချိန်မှ ကားမောင်းလို့ရတော့ ကျူရှင်ရောက်ရင် ကျွန်မက နောက်ဆုံးမှရောက်တယ်။ သူငယ်ချင်းတွေက ကြိုရောက်နှင့်နေကြပြီ။ တခါတလေ သူငယ်ချင်းတွေက လမ်းပေါ်မှာ။ ကျွန်မကားက traffic စောင့်ရင်း ဆုံကြရော။ ကျွန်မစိတ်ထဲ ဘယ်လိုနေမှန်းကို မသိဘူး။ ခြေထောက်လဲ မပါတာမဟုတ်။ ကိုယ်က ကားပေါ်မှာ ငုတ်တုတ်နဲ့ သူတို့က လမ်းလျှောက်သွားနေတာကို ထိုင်ကြည့်နေရတယ်။ ကျွန်မမိသားစုနဲ့ ကျွန်မအကြားက တချို့သော လူမှုရေးပဋ္ဋိပက္ခလေးတွေက မပြောပလောက်တဲ့ ဒီလိုကိစ္စမျိုးလေးတွေပါ။ ဒါနဲ့ တရက်တော့ ကျွန်မလဲ ကျောင်းအဆင်းမှာ ကားပေါ်မတက်ပဲ သူငယ်ချင်းတွေနဲ့ ဆင်းလျှောက်တယ်။ ကျွန်မက လမ်းလျှောက်၊ အိမ်က ကားက ဘေးကလိုက်၊ နောက်က ကားတွေက ဟွန်းတီးနဲ့ ရှုပ်ပွနေတာပဲ။ နောက်ဆုံးတော့ ဆရာမကို အိမ်ကတိုင်တာမို့ ဒီလိုမလုပ်ရဘူးဆိုပြီး ဆရာမက ကျွန်မကို ရိုက်တာနဲ့ ဒီပဋ္ဋိပက္ခတွေ ပြီးဆုံးသွားပါရော။
ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာမတို့ကို စိတ်ထဲက မှန်းရော်ပြီး ဂါရ၀ပြုပါတယ်။
(၄)
“ဒီကုလား-ဗမာ အရေးအခင်းနဲ့တော့ ပြီးမယ်မထင်ဘူးဆရာမ။ ဆယ်တန်းက မ--- တို့လဲ ကျောင်းသား သပိတ်မှောက်မယ်လို့ သမီးကို ပြောတယ်။ ဗိုလ်အောင်ကျော်တို့တုန်းကလဲ ဒီလိုပဲ နေမှာနော်“
ဒီစကားတွေကို ကျွန်မအားရပါးရ ထိုင်ပြောခဲ့တာက လေးတန်းဆရာမ ဒေါ်ခင်ငြိမ်း။ အဲဒီနေ့တုန်းက မြို့ထဲမှာ မွတ်စလင်- မြန်မာ တွေအကြားနားလည်မှုလွဲပြီး တိုက်ခိုက်မှုတွေရှိခဲ့တယ်။ ဒီတုန်းကတော့ ဒါတွေဟာ အရှိန်တညီးညီးဖြစ်နေတဲ့ လူထုအရေးတော်ပုံကြီးကို လမ်းလွှဲဖို့ အစိုးရရဲ့ ကြိုးပမ်းချက်ဆိုတာ မတွေးမိတတ်ခဲ့သေး။ အဲဒီနေ့က မိဘတွေကို ကလေးတွေ လာပြန်ခေါ်ခိုင်းတာမို့ အိမ်က လာအခေါ်ကို စောင့်နေရင်း ဆရာမနဲ့ စကားဖောင်ဖွဲ့နေခဲ့တာပါ။ လေးတန်းကာလမှာ ရှစ်လေးလုံးဖြစ်ခဲ့တာမို့ ဆရာမအတန်းမှာ နှစ်နှစ်နေခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတုန်းက ဘာတွေ ဖြစ်နေမှန်း သေချာ မသိပေမယ့် ကျွန်မမှာ စိတ်ဝင်စားလို့ မဆုံး။ လူအုပ်ကြီးတွေရဲ့ တို့အရေးအသံတွေ၊ တောင်ကြီးဘောလုံးကွင်းထဲက တရားဟောသံတွေက အိမ်ထဲကနေ ကြားနေရတယ်။ ဒီတုန်းက အိမ်မှာ ပါပလစ်ကာ ကားပိုလေးတစင်းရှိတယ်။ မောင်းရတာ ပေါ့ပေါ့ပါးပါးရှိလို့ဆိုပြီး တခါတလေ ကားမောင်းသမား မလာတဲ့အချိန် မေမေမောင်းတာ။ ကျွန်မက မြို့ထဲသွားရင် ကားနောက်ခန်းမှာပဲ တက်စီးတယ်။ ဈေးနား ကားရပ်ချိန်ဆို လက်ကမ်းစာစောင်၊ သတင်းစာတွေ အများကြီးရတာပဲ။ စစ်တပ်က အာဏာမသိမ်းခင်မှာပဲ ကျွန်မအိမ်မှာလဲ အာဏာသိမ်းပွဲဖြစ်တယ်။ ဆုံးသွားပြီဖြစ်တဲ့ အဖိုးရဲ့ အခန်းကို ကျွန်မအပိုင် သိမ်းလိုက်တာပါ။ စာအုပ်တွေ၊ သတင်းစာဟောင်းတွေ အများကြီးပဲ။ စာတွေဖတ်ရလွန်းလို့ ထမင်းမေ့၊ ဟင်းမေ့တောင်ဖြစ်တယ်။ တခြားကစားစရာတွေကို ကျွန်မ စွန့်ခွာလိုက်တယ်။ ကျွန်မရဲ့ ကစားစရာတွေက စာအုပ်တွေပဲဖြစ်လာတယ်။ စာအုပ်တွေကလဲ စုံမှစုံ။ အနာဂတ်သာသနာရေး၊ အရှေ့ဘက်မှ နေ၀န်းထွက်သည့်ပမာ၊ သူမ၊ စစ်နဲ့ ငြိမ်းချမ်းရေး။ ကျွန်မသိပ်ကြိုက်တဲ့ စာအုပ်တွေ။ ဒီတုန်းက ရဲရဲတောက် သီချင်းက သိပ်ခေတ်စားတာ။ ဗမာဆို ဓားကိုဆွဲလို့ ထွက်ဖို့တော်ပြီလေ။ ဆိုတဲ့ အသံကို ကြားရရင် ကြက်သီးမွေးညင်းတွေ ထလာတယ်။ အဖိုးဆီမှာရှိတဲ့ ဂျပန်ခေတ်က ဓားရှည်ကြီးကို သွားသွားမြင်မိတယ်။ အဖိုးမဆုံးခင်တုန်းက ဒီဓားကြီးတွေကို သံချေးမတက်အောင် တသသ ပွတ်တိုက်နေကြ။ ကျွန်မကလဲ ဘေးမှာ ထိုင်ပြီးကြည့်နေကြ။
ဒီလိုနဲ့ အာဏာသိမ်းပွဲဖြစ်လာတယ်။ ညသန်းခေါင်ယံမှာကြားရတဲ့ သေနတ်သံ ဆယ့်ခြောက်ချက်ကို မှတ်မိနေဆဲပဲ။ မေမေက တိုက်ပွဲများဖြစ်တာလား၊ တောင်ကြီးမြို့များ အစီးခံလိုက်ရပြီလားဆိုပြီး သေနတ်သံတွေကို လိုက်ရေတွက်ခဲ့တာကိုး။ နောက်တနေ့ မှာ ပူတင်းစားနေတုန်း သေနတ်သံတွေ ထပ်ကြားရပြန်တယ်။ မေမေ့မိတ်ဆွေက ဖုန်းဆက်တယ်။ ညနေ ဆေးခန်းမသွားပါနဲ့။ ပစ်နေကြပြီ။ ဖမ်းနေကြပြီတဲ့။ မေမေ့မိတ်ဆွေအများကြီးပဲ အဖမ်းခံရတာလဲ မှတ်မိပါသေးရဲ့။
ဒီလိုနဲ့ပဲ လေးတန်းမှာ နှစ်နှစ်ဆိုတော့ ဆရာမနဲ့ ပိုရင်းနှီးခဲ့တယ် ဆိုရမလားပဲ။ ကျောင်းပိတ်ချိန်တွေမှာလဲ ဆရာမဆီ ရောက်ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင် ဆရာမက တခါမှ လျှော့မပေးခဲ့ဘူး။ ပိုပြီး အထုအထောင်းခံရတယ်။ ဒီတုန်းက အင်္ဂလိပ်စာမှာ verb တွေ အလွတ်ကျက်ရတယ်။ ဆရာမခေါ်လိုက်တဲ့ စကားလုံးကို ချရေးပြီးရင် past tense, present perfect tense တွေပါ ရေးရတယ်။ မှားရင် တလုံးမှားတချက်။ ကျွန်မကိုကျတော့ တလုံးမှား ငါးချက်ဆိုလို့ အသေကျက်လိုက်ရတာ မပြောပါနဲ့တော့။ သီတင်းကျွတ်မှာ သွားကန်တော့တုန်းက အင်္ဂလိပ်စာ သဒ္ဒါစာအုပ်သေးသေးလေး ငါးအုပ်ကို လက်ဆောင်ပေးတယ်။ ငါးတန်းမတက်ခင် ကျောင်းပိတ်တော့ ဒီစာအုပ်လေးတွေက ကျွန်မအတွက် သိပ်အဖိုးတန်လာတယ်။ ဒါလေးတွေကို လေ့ကျင့်ရင်း Readers Digest ထဲက စာလေးတချို့ကို မြည်းစမ်းတတ်လာခဲ့လို့ပါ။ နိုင်ငံခြားထွက်လာပြီး နောက်ပိုင်းမှာ အင်္ဂလိပ်စာလေးတွေ ရေးတိုင်း ဆရာမကျေးဇူးကို အမြဲသတိရနေတာ အသေအချာပါပဲ။
(၅)
ငါးတန်းရောက်တော့ ကျောင်းမှာ ထူးထူးခြားခြားလေးတွေ ဖြစ်လာတယ်။ အရင်တုန်းကလို ဆရာမတယောက်တည်းက မသင်တော့ဘူး။ အတန်းပိုင်ဆရာမ ဒေါ်မြသန်းက သင်္ချာသင်တယ်။ တခြားဘာသာရပ်မျိုးစုံမှာ ဆရာမတွေအများကြီးပဲ။ ဒီနှစ်မှာ မှတ်မှတ်ရရ ဘာမှတော့ သိပ်မရှိ။ စာအုပ်တွေနဲ့ ကျွန်မအလုပ်ရှုပ်နေတယ်။ ကျောင်းစာကိုလဲ သိပ်စိတ်မ၀င်စားတော့ဘူး။ သုံးတန်းတုန်းကလဲ ဒီမင်းတုန်းမင်း၊ သီပေါမင်းပါတော်မူတာတွေပဲ။ ငါးတန်းရောက်တော့လဲ ဒါတွေပဲဆိုတော့ ပျင်းလာတယ်။ ဒါနဲ့ပဲ လူကြီးသူမတွေမေးတော့ ဦးကုလားစာအုပ်ကို ညွှန်းကြတယ်။ ရှာဖတ်ဖြစ်တယ်။ မရောင့်ရဲနိုင်ဘူး။ ပြီးတော့ ကျွန်မက လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းတွေ၊ ကမ္ဘာစစ်အကြောင်းတွေကို သိပ်စိတ်ဝင်စားနေတာ။ ဒါနဲ့ပဲ ကားမောင်းသမားတွေကို စာအုပ်အငှားဆိုင်တွေဆီ ပို့ခိုင်းတော့တာပဲ။ ဘာသာပြန်စာအုပ်တွေဆို သိပ်ကြိုက်တာပဲ။ မောင်ထွန်းသူ ဘာသာပြန်တာတွေ ဖတ်ဖြစ်တာများတယ်။ ကာကွယ်ရေးနဲ့ လူမှုရေး ဆေးပညာစာစောင်ဟောင်းတွေ၊ စစ်ပညာဂျာနယ်ဟောင်းတွေ၊ သွေးသောက်မဂ္ဂဇင်းဟောင်းတွေကိုလဲ ဆိုင်တွေရဲ့ ချောင်ကြိုချောင်ကြားက ရတတ်သေးတယ်။ ဒီစာအုပ်အငှားဆိုင်တွေက အစ်ကို၊ အစ်မတွေဟာ ကျွန်မရဲ့ ဆရာတွေလို့ဆိုရင်လဲ မမှားဘူး။ စာအုပ်ကောင်းတွေကို လမ်းညွှန်ပြကြတယ်။ ကျွန်မဖတ်ဖို့ဆိုပြီး ဆိုင်မှာ အငှားမတင်တဲ့ စာအုပ်တွေပါ ထုတ်ပေးတယ်။ ကျွန်မဘယ်လောက်များ အသည်းအသန်ဖြစ်နေလဲဆို ပုလင်းဝယ်၊ ဒန်ဝယ်သည်တွေကိုလဲ မိတ်ဖွဲ့ပြီး စာအုပ်ဟောင်းတွေ ပိဿာချိန်နဲ့ ရောင်းတဲ့လူတွေရှိရင် ၀ယ်ထားဖို့၊ ကျွန်မဈေးပိုပေးမယ်ဆိုတာ မှာရသေးတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးမှာ စာအုပ်လေးတွေများလာတယ်။
ခြောက်တန်းဆရာမတွေနဲ့ကတော့ မှတ်မှတ်ရရလေးတွေ ရှိတယ်။ အတန်းပိုင်ဆရာမက သင်္ချာဆရာမ ဒေါ်ခင်နုနု။ ဆရာမက အတော်ထက်တယ်။ ပြီးတော့ မေမေနဲ့အရမ်းရင်းနှီးနေတဲ့ မိတ်ဆွေတွေ။ ဒီတော့ ကျွန်မကို တော်တော်ဖိတယ်လို့ ဆိုရမယ်။ ကျွန်မကလဲ သင်ရိုးတွေဆို သိပ်စိတ်ဝင်စားတော့တာမဟုတ်ဘူး။ ကျောင်းမှာ ကျွန်မအဆင့်တွေက တရဟောကျနေတာပဲ။ သိပ္ပံဘာသာရပ်ကို ကျွန်မလုံးဝကို မကျက်ချင်တာ။ မနည်းကျိတ်မှတ်ကျက်ရတယ်။ တခြားဘာသာရပ်ဆရာမတွေက သူတို့ဘာသာမှာ ကျွန်မစာမရရင်လဲ အတန်းပိုင်ဆရာမကိုပဲ တိုင်ကြတာ။ ကျွန်မဆိုတာကလဲ ကဗျာတွေ စရေးနေပြီမို့ ဘယ်မဂ္ဂဇင်း ပို့ရင်ကောင်းမလဲပဲ တွေးနေတဲ့လူ။ ညနေကျရင် ဘာသာပြန်စာအုပ်ဖတ်မလား၊ ၀တ္ထုဖတ်မလား၊ မဂ္ဂဇင်းဖတ်မလားပဲ စဉ်းစားနေခဲ့တာ။ ဒီတော့ စိတ်လေနေတယ်ဆိုပြီး ဆရာမက ခဏခဏဆူ၊ ခဏခဏရိုက်။ နောက်ဆုံး ဆရာမနဲ့တင်မက ကျောင်းအုပ်ကြီးရုံးခန်းအထိ ရောက်တဲ့ ပြဿနာတခု တက်တော့တာပဲ။ ပြဿနာက ကုန်ဈေးနှုန်းပြဿနာ။
အဲဒီခြောက်တန်းနှစ်မှာက ကုန်ဈေးနှုန်းတွေ တော်တော်တက်တယ်။ ဆန်ဈေးတွေ အရမ်းတက်တော့မယ်ဆိုပြီး လူကြီးတွေ ပြောတာကြားတော့ ကျွန်မမနေနိုင်ဘူး။ ဒါနဲ့ ဆန်တွေ ဈေးတက်တော့မယ်။ ၀ယ်ထားကြဆိုပြီး လက်လှမ်းမှီရာ ကျောင်းသားကို ပြောတာပဲ။ ဒါကို ဘယ်သူက သွားချွန်တယ်မသိ။ နေရင်းထိုင်ရင်း နိုင်ငံရေးပြောတယ်တွေ ဖြစ်တော့တာပဲ။ အိမ်မှာလဲ လူကြီးတွေက စိုးရိမ်။ ကျောင်းမှာလဲ ဆရာမတွေက စောင့်ကြည့်တွေ ဖြစ်ကုန်တာ။ ဘာသာစုံဆရာမတွေ ၀ိုင်းပြီး ဖိကြတာနဲ့ စာပြန်လုပ်ဖြစ်သွားတယ်။ အဲဒီနှစ်က တကျောင်းလုံးမှာ အဆင့်နှစ်လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ကျောင်းစာမှာလဲ မလစ်ဟင်းအောင် လုပ်ပေးခဲ့တဲ့ ဆရာမတို့ကို အမြဲကျေးဇူးတင်နေရပါတယ်။
(၆)
ခြောက်တန်းနှစ်ကနေ ခုနစ်တန်းနှစ် အကြား နွေရာသီရောက်တော့ ကျွန်မဘ၀မှာ အပြောင်းအလဲ တခုဖြစ်လာတယ်။ ကျွန်မရဲ့ စာဖတ်ဝါသနာကို သိနေတဲ့ မေမေက တောင်ကြီးပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးက စာကြည့်တိုက်ကို ခေါ်သွားပေးတာပါ။ ကောင်းတာလဲ ရှိသလိုဆိုးတာလဲရှိပါတယ်။ ကောင်းတာကတော့ အဲဒီမှာ ၁၉၅၀ကာလကနေ ၁၉၈၈ ကာလအထိကြားက ထုတ်တဲ့ ၀တ္ထုတွေ၊ စာစောင်တွေ အများကြီး ရှိနေတာပဲ။ ဆိုးတာကတော့ ဒီစာအုပ်တွေက ချောင်ကြိုချောင်ကြားမှာရှိနေပြီး၊ သတင်းနဲ့ စာနယ်ဇင်းက ထုတ်တဲ့ စာအုပ်တွေက စင်တွေပေါ်မှာ ရှိနေတာပဲ။ ဒီတုန်းကတော့ ဘယ်စာကောင်းတယ်၊ မကောင်းဘူးဆိုတာ ဘယ်သိပါ့မလဲ။ စာအကုန်မရွေးတတ်ခင်မှာဆိုတော့ ဒီစာအုပ်တွေလဲ ဖတ်ဖြစ်တာပဲ။ ဒါပေမယ့်လဲ ဒီလိုဖတ်ဖြစ်တာမှာ အကျိုးတခုတော့ထွက်လာတယ်။ ဒီစာတွေက တဘက်သတ်ရေးတာများတော့ တခြားတဘက်ကို စိတ်ဝင်စားလာတာ၊ သိချင်လာတာပဲ။ ဥပမာ- တပ်မတော်သမိုင်း ပထမတွဲကို ဖတ်ပြီးနောက်ပိုင်းမှာ ကျွန်မအင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် သိပ်တတ်ချင်လာတယ်။ မြန်မာဘက်က ရေးတာကတော့ ဟုတ်ပြီ။ ဒီလိုတွေ။ ဒီအကြောင်းအရာတွေကိုပဲ အင်္ဂလိပ်ဘက်က ရေးရင်ရော။ ဘာတွေဖြစ်မလဲ။ ဒီအထဲမှာမှ ဘယ်ဟာက အမှန်တရားတွေလဲ။ ဘယ်ဟာက လိုရာဆွဲရေးတာတွေလဲ စတာမျိုးတွေပါ။ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဆိုတာတွေ ဖတ်မိတော့လဲ ဒီအထဲမှာ ညွှန်းဆိုထားတဲ့ တခြားအဖွဲ့အစည်းတွေကို သိပ်စိတ်ဝင်စားမိလာတယ်။ ဒီထဲက သုံးနှုန်းတဲ့ သောင်းကျန်းသူဆိုသူတွေကို တွေ့ချင်လာတယ်။ အဓိကကတော့ သူတို့ဘက်ကရော ဒီသမိုင်းကို ဘယ်လိုမြင်လဲ။ ဒါကို ကျွန်မသိချင်လာတာ။ (အခုတော့ သိပြီလို့ဆိုရမယ်။ ဘာလို့လဲဆို ကျွန်မဒီတော်လှန်ရေးမှာ ပါနေခဲ့ပြီကိုး။ ဘယ်သူက သောင်းကျန်းနေတာတုန်းဆိုတဲ့ အမှန်တရားကို တွေ့နေရပြီ) ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတုန်းက ၀ိရောဓိ၊ ၀ိဝါဒဆိုတဲ့ စကားလုံးလေးတွေ ကျွန်မ ကဗျာတွေထဲမှာ ခဏခဏပါနေခဲ့တယ်။ ကျွန်မစိတ်ရှုတ်ထွေးနေခဲ့တယ်။ ဘယ်သူကမှန်ပြီး၊ ဘယ်သူက မှားမှန်း ဝေခွဲလို့ကို မရဘူး။
ခုနစ်တန်း၊ ရှစ်တန်း ကာလတွေမှာကျတော့ ကျွန်မရဲ့ ကဗျာ၊ စာစုလေးတွေ ဟိုနားဒီနားမှာ ပါလာတယ်။ တို့ကျောင်းသား၊ မင်္ဂလာမောင်မယ်၊ ရွက်နုဝေ၊ မှုခင်းမဂ္ဂဇင်း စတာတွေမှာပါ။ ဒီနှစ်တွေက ဆရာမတွေက ကျွန်မရဲ့ စာပေ၀ါသနာကို တွန်းအားပေးခဲ့တဲ့ ဆရာမတွေပါ။ ကျွန်မရဲ့ မတောက်တခေါက် စာလေးတွေပါတဲ့ စာစောင်တွေဆို ဆရာမ အခန်းမှာကို ထားပြီး ကြော်ငြာပေးခဲ့ကြတယ်။ ပုံနှိပ်မဟုတ်တဲ့ ၀တ္ထုလေးတွေကိုလဲ ဖတ်ပြီး အားပေးခဲ့ကြတာ။ ကျွန်မနဲ့ ဆရာမတွေနဲ့ သိပ်တည့်တာပဲ။ ကျောင်းစာသင်ချိန်မဟုတ်တဲ့ အချိန်လေးတွေဆို ဆရာမတွေဆီ ရောက်ရောက်နေတတ်တယ်။ ဆရာမတို့နဲ့ ကျွန်မနဲ့က Deal လုပ်ထားသလိုဖြစ်နေတယ်။ ဆရာမတို့လိုချင်တာက အဆင့်မကျဖို့၊ အမှတ်ပေါင်း မကျဖို့။ ဒါတွေ မဖြစ်ဘူးဆိုရင် ကျွန်မလုပ်တာတွေအားပေးတယ်ဆိုတဲ့ အခြေအနေမျိုး။ ကျွန်မကလဲ ကျောင်းသူသာဆိုရမယ်။ ကျောင်းမှာတောင် အမြဲမရှိဘူး။ ကျောင်းကပေးတဲ့ တာဝန်တွေနဲ့ အပြင်ရောက်ချင်ရောက်နေတာ။ ကျောင်းကပေးတဲ့ တာဝန်ဆိုလို့ ထူးထူးဆန်းဆန်းတွေတော့ မဟုတ်ဘူး။ ကျွန်မတို့ကျောင်းဆိုတာက စာကြမ်းပိုးကျောင်း။ တကုတ်ကုတ်နဲ့ ကျောင်းစာပဲ ကျက်နေကြ၊ အမှတ်ပဲ ပြိုင်နေကြတာ။ ဒီလိုကျောင်းမျိုးမှာ ပြင်ပစာတွေ စိတ်ဝင်စားတဲ့ ကျွန်မကို ဆရာမတွေ သတိထားမိတော့တာပေါ့။
ဒီတော့ တနှစ်ပတ်လည်လုံးကျင်းပတဲ့ ပွဲမှန်သမျှ ကျွန်မချောဆွဲခံရတော့တာပဲ။ ဒီတုန်းက ကျွန်မက အရာရာကို လေ့လာစူးစမ်းနေသူပဲ ရှိသေးတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗဟုသုတသာရှိပေမယ့် တရားမျှတမှု၊ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို မသိသေးဘူး။ ဒီတော့ပြိုင်ပွဲတွေမှာ ပါဖြစ်ခဲ့တယ်။ တပ်မတော်ရဲ့ အစဉ်အလာကောင်းဆယ့်နှစ်ရပ် အချက်တွေကို စာစီစာကုံးတိုင်းမှာ ထည့်ရေးဖြစ်ခဲ့ဖူးတာပဲ။ နောက်ပိုင်းမှာ ဒီအစဉ်အလာတွေကို တပ်မတော်က မထိန်းသိမ်းပါလားဆိုတာ မျက်မြင်ကိုယ်တွေ့တွေ၊ မှတ်တမ်းတွေအရ သိလာရတဲ့အခါ ကျွန်မရင်ထဲ ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပါတော့။ ဒီတုန်းက အတန်းချိန်မဟုတ်ပဲ အတန်းထဲကို မြန်မာဆရာမများ မ၀င်လာလိုက်နဲ့။ ဆရာမက ဘာပြိုင်ပွဲဆိုတာ မပြောရသေးဘူး။ သူငယ်ချင်းတွေက ခင်မမမျိုးလို့ အော်တော့တာပဲ။ ကျောင်းနံရံကပ်စာစောင်မှာလဲ ကျွန်မတာဝန်ယူဖြစ်လာခဲ့တယ်။ မြို့နယ်ပညာရေးရုံး၊ ပြည်နယ်ပညာရေးရုံးတွေမှာ ကျွန်မနာမည် ပေါက်လာတယ်။ By name နဲ့ ပညာရေးရုံးတွေက ပွဲတောင်းမှုတွေ ရှိလာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ စာဖတ်ဝါသနာ၊ စာရေးဝါသနာတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာမဒေါ်နော်စာထူး၊ ဒေါ်ခင်သန်းထူး၊ ဒေါ်ခင်နှင်းရီနဲ့ ဘာသာရပ်ဆရာမတွေအားလုံးကို ကျွန်မအမြဲ ကျေးဇူးတင်နေမိမှာ အမှန်ပါပဲ။
(၇)
ကိုးတန်း၊ ဆယ်တန်းကာလတွေဟာ ကျွန်မအတွက် နိုင်ငံရေးအယူအဆနဲ့ ရပ်တည်ချက်ဆိုင်ရာတွေမှာ အားပြိုင်မှုတွေဝင်လာခဲ့တဲ့ နှစ်တွေပဲဖြစ်တယ်။ သတင်းနဲ့ စာနယ်ဇင်းက စာအုပ်တွေလဲ ဖတ်ဖြစ်သလို၊ ဆိုရှယ်လစ်ခေတ်က စာအုပ်တွေလဲ တမင်ကို စုဆောင်း ဖတ်မိလာခဲ့တယ်။ ကွန်မြူနစ်စာပေတွေနဲ့ ရင်းနှီးလာခဲ့သလို အရင်းရှင်စနစ်အကြောင်းတွေ၊ ကမ္ဘာပြုဖြစ်စဉ်တွေ၊ အေအိုင်ဒီအက်စ်နဲ့ ကမ္ဘာ့ကျန်းမာရေး၊ ဘီစီစီအိုင် အရှုပ်တော်ပုံ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး စတာတွေကို ပိုပိုပြီး စိတ်ဝင်စားလာတယ်။ အဲဒီမှာ စာပေ၀ိုင်း တခုနဲ့ ကျွန်မအဆက်အသွယ်ရလာတယ်။ အဲဒီအချိန်က ကန့်သတ်စာအုပ်တွေ၊ ရှားပါးစာအုပ်တွေကို ပေးဖတ်ခဲ့ကြသူတွေကို ကျွန်မသိပ်ကျေးဇူးတင်မိတာပဲ။ စာအုပ်တွေထဲကနေ ကျွန်မရင်ထဲကို ရုရှားက သူရဲကောင်းမလေး ဇိုယာရောက်လာအောင် သူတို့ ထည့်ပေးနိုင်ခဲ့ကြတယ်။ အဓိကက သူမရဲ့ ရဲဝံ့ပြတ်သားတဲ့ စိတ်ဓာတ်။ တညလုံး ညှဉ်းပမ်းနှိပ်စက်ခံရပြီး လည်ပင်းမှာ ကြိုးကွင်းစွပ်ထားခံရတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး၊ ယုံကြည်ချက်ကို မဖောက်မပြန်ပဲ ပြောသင့်တာ ပြောခဲ့တဲ့ အမျိုးသမီးငယ်လေးတယောက်။ သူမဟာ ကျွန်မရဲ့ မမြင်နိုင်တဲ့ ဆရာသမား။ ကျွန်မဘ၀မှာ ကြီးမားတဲ့ အခက်အခဲတချို့ ကြုံလာရတဲ့ အခါတိုင်းမှာ၊ အားလျော့လာတဲ့အခါတိုင်းမှာ ကျွန်မလည်ပင်းကို ပြန်စမ်းကြည့်မိတတ်တယ်။ “ငါ့လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရတဲ့ အခြေအနေမဟုတ်ဘူး။ မိနစ်ပိုင်းအတွင်းမှာ သေဆုံးတော့မယ်ဆိုတာ သေချာနေတာမဟုတ်ဘူး။ ဒီအခက်အခဲလောက်က မှုစရာမှမဟုတ်တာ“ ဆိုတဲ့ အားအင်တွေကို ကျွန်မကို ပေးနေတတ်တဲ့ ဆရာမလေးတယောက်လို့ ဆိုရမယ်။
ဒီကာလတွေမှာ ကျောင်းမှာလဲ စည်းကမ်း၊ ၀ါသနာ၊ ရည်မှန်းချက်တွေကို မျှမျှတတဖြစ်အောင် ပြုပြင်ဆုံးမပေးခဲ့တဲ့ ဆရာမတွေနဲ့ ထပ်ကြုံ&